ဒီကောင်ရေးတဲ့ကဗျာက ဒီလို
မနက်ဖြန်ဆို ဖြစ်တည်လာတော့မဲ့
၃၂ သား တစ်ယောက်ရဲ့ရနံ့
မင်းက...
ပြီးခဲ့တဲ့ ရာသီတွေရော
နောက်လာမဲ့ ရာသီတွေမှာပါ
ကောင်းခြင်းဆိုတဲ့ မွှေးပျံခြင်းကို ဆွတ်ယူပြီးသား၊
အမှန်တော့...
“စိတ်” ဆိုတာ “အလုပ်” ကွ
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့စိတ်က
လူတိုင်းရင်ထဲ မရှိဘူး
အဲဒါ...မင်းမှာရှိတော့
မင်း...သံသရာ(လည်ပတ်ရာဝန်းကျင်စက်ဝိုင်း)က
မွှေးပျံ့တော့မှာပေါ့။
တကူးတကလည်း ကြိုးစား
မဖြစ်မနေလည်း ကြိုးစား
တော်ရိရော်ရိလည်း ကြိုးစား
...ကြိုးစားဖန်တွေ များလာတော့
နေရာဆိုတာ တွန်းဖို့ တိုက်ဖို့ မလိုတော့ဘူးလေ။
ဒီလိုပါ...
စကားလုံးအနာတွေ ထိုးဆိတ်တတ်တာ
လူတွေရဲ့ သဘာဝ
အဲဒါကို မှင်နဲ့ ပြုံးနိုင်ရင်ပြုံး
တောက်ခေါက်ပြီး မာချင်မာ
ကျိန်းသေတာက စိတ်ထဲရိုးသားဖို့ပဲ လိုတာပ။
တကယ်တော့...
တစ်ခုလိုချင်ရင် တစ်ခုပေးရတာ ဓမ္မတာပါ
အိမ်မှာဖြစ်စေ ရုံးမှာဖြစ်စေ ပတ်ဝန်းကျင်မှာဖြစ်စေ
နောက်...ဘယ်လိုနေရာမျိုးမှာဖြစ်စေ
တခုတ်တရ မင်းပေးဆပ်ပါ
မင်းရတာနဲ့ မင်းသုံးတာ တန်ရာတန်ကြေးရပါလိမ့်မယ်။
မျိုးထူးထက်
(အစ်ကို...
ဒီကဗျာနဲ့ မင်းကို မွေးနေ့လက်ဆောင်ပေးရင်း ကန်တော့ရင်းပေါ့။)
မျိုးထူးထက်က ကဗျာဆရာ၊ စာရေးဆရာ၊ လူရွှင်တော်၊ ဂရပ်ဖစ်အယ်ဒီတာ၊ စာအယ်ဒီတာပါ။
ညီငယ်က ချီးကျူးဆုံးမ (ချီးကျူးတာလည်းပါတယ်၊ လူ့ပတ်ဝန်းကျင်မှာ နေတတ်ထိုင်တတ်အောင် ဆုံးမထားလည်း ပါတယ်) ကဗျာလေး ရေးပေးတာကို ကြိုက်လို့ဖော်ပြရပါတယ်။
2 comments:
ကျနော် လာလည်သွားတယ်။ ဒီဘလော့ဂ်ရှိမှန်း မိုးဇက်ဆီရောက်မှ သိရတာပဲ။
ကျနော်ဆီလည်း အားရင်လာလည်ဗျို့။ မျိုးထူးထက်ကိုလည်း သတိရပါတယ်။
ဘုန်းမြင့်ဦး
ကိုမျိုးထူးထက်ရဲ့ ကဗျာ ဖတ်သွားပါတယ်... ♥
Post a Comment