Thursday, December 13, 2007

စေတနာနဲ့နေရာ

လူ့စိတ်ဟာ အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို လူတိုင်းမှာလည်း စိတ်ကောင်းနဲ့စိတ်ဆိုးဆိုတာရှိပါတယ်။ တချို့ကလည်း လူ့စိတ်ဟာ မျောက်နဲ့တူတယ်လို့ ဆိုတတ်ကြပြီး၊ လူ့စိတ်တွေ ဖောက်ပြန်ပြောင်းလဲနေတာ ခန္ဓာကိုယ်တွင်းရှိတဲ့နတ်ဆိုးတွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။

မျောက်နဲ့တူတယ်ဆိုတဲ့ လူစိတ်က အခုအကောင်း၊ တော်ကြာတစ်မျိုးဖြစ်တတ်သလို၊ အဖွဲ့အစည်းတွင်း နိုင်ငံရေး Organizational Politics မှာလည်း အခုကိုယ့်ဘက် ရပ်တည်နေပြီး ခဏနေတော့
အခြားဘက်ပြောင်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကို သာကူးတွေလို့ဆိုကြပြန်ပါတယ်။

တချို့ကလည်း ကိုယ်ပိုင်အရည်အချင်းမရှိလို့ ကိုယ့် ရပ်တည်ရာ(Stand) ကိုယ်မသိဘဲ နေရာရရှိရေး၊ အခွင့်အရေးရရေး၊ စားသောက်ရရေးအတွက် ဒီလိုစိတ်ပြောင်းရတယ်လို့ ဆိုကြပြန်ပါတယ်။
စေတနာနှင့်နေရာမှာဆက်စပ်နေပြီး ပေါင်းစည်းချိတ်ဆက်ထားရန်လိုသည်။

စိတ်ဟာ ကောင်းကောင်းဆိုးဆိုး ဒီစိတ်ရဲ့မူလပိုင်ရှင်(အရှင်သခင်)ကတော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်ဆိုးလို့ စိတ်ဆိုးတာဖြစ်ပြီး၊ ကိုယ်ကောင်းရင် ကိုယ့်စိတ်ကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ စိတ်ကောင်းဖို့၊ စေတနာကောင်းဖို့လိုပါတယ်။

စေတနာဆိုတာ ကံလို့မြတ်စွာဘုရားက ဟောပြောဆုံးမပါတယ်။
ဒီတော့ စေတနာကောင်းရင် ကံကောင်းပြီး စေတနာယုတ်ရင် ကံဆိုးမှာ ဖြစ်ပါတယ်။ မြန်မာတွေ ဟာအစွန်းထွက်တဲ့ လူမျိုးလို့လည်း တချို့က ဝေဖန်သုံးသပ်ပြန်ပါတယ်။ အားနာစရာရှိရင် မတရားကြီးကို အားနာနေတတ်ပြီး မုန်းသွားပြီဆိုလည်း ရက်ရက်စက်စက်ကြီးကို မုန်းနေပြန်ပါတော့တယ်။

ဒါကြောင့် မြန်မာတွေကို ဆုံးမတဲ့ မြန်မာကြီးတွေက (မြန်မာပညာရှိတွေက) ဆုံးမရင်ပဲဖြစ်ဖြစ်၊ ဆုံးမစာရေးရင်ပဲဖြစ်ဖြစ်၊ အစွန်းနှစ်ဖက်ထွက်တဲ့ အတိုင်းလိုက်ညှိပြီး ပြောဆိုဆုံးမထားကြတာကို လေ့လာတွေ့ရှိရပြန်ပါတယ်။ တစ်ရွာမပြောင်း သူကောင်းမဖြစ်နဲ့ သေချင်တဲ့ကျား တောပြောင်းဆိုတော့ ကိုယ့်ဘာသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ပါ။

စေတနာ
စေတနာသည်ကံလို့ဆိုတာမှာ ကိုယ်ပြဋ္ဌာန်းတဲ့စေတနာဟာ ကံအဖြစ်ကိုယ့်ဆီပြန်လာမယ်လို့ ရည်ညွှန်းတာဖြစ်ပေမယ့် စေတနာထားရင်း ခံလိုက်ရင်းဖြစ်တာတွေကို ကြုံရဖန်များတဲ့အခါများမှာတော့ စေတနာသည် လူတိုင်းနှင့်မတန်ဆိုတာမျိုး ဖြစ်လာခဲ့ပြန်ပါတယ်။ တချို့ကလည်း စေတနာအစစ်မဟုတ်လို့ ခံရတာလို့ပြောကြပြန်ပါတယ်။

စေတနာထားပါ၊ စိတ်ထားကောင်းပါဆိုတဲ့ စကားတွေဟာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ကြာရှည်မဖောက်ပြန်ဘဲ စေတနာထားဖို့ စိတ်ထားကောင်းဖို့ဆိုရင် ပိုတောင်ခက်ပါတယ်။

လူ့စိတ်သဘောကိုက ယေဘုယျဆိုရင် အတုံ့အတင်သဘောကိုဆောင်ပါတယ်။ သူကောင်းမှ
ကိုယ်ကောင်းမယ်။ သူဆိုးရင် ကိုယ်ဆိုးမယ်လို့ သဘောရှိတတ်ကြပါတယ်။
စေတနာသဘောရင်းမှန်ကတော့ အဲဒီလိုမဟုတ်ရပေဘူး။

စေတနာဆိုတာကလည်း စိတ်ကလေးကဖြစ်လာတာဆိုတော့ စိတ်ရင်းကိုက ကောင်းရမှာဖြစ်ပါတယ်။ စိတ်ရင်းကောင်းမှ စေတနာကလည်းသန့်ရှင်းမှာ ဖြစ်ပါတယ်။ တချို့ကဆို အဲဒီစကားလုံးနှစ်လုံးတွဲဖက်လို့ စိတ်စေတနာလို့တောင်ခေါ်ကြတယ်။

စေတနာဆိုတာ ပါဠိက လာတာဖြစ်ပြီး၊ စေ့ဆော်တိုက်တွန်းတတ်သောတရား၊ သူတစ်ပါးအကျိုးကို လိုလားသောသဘောထားလို့ အနက်ရပါတယ်။

မိဘကသားသမီးအပေါ်၊ ဆရာကတပည့်အပေါ်၊ ဒီလိုပဲအပြန်အလှန် သားသမီးကမိဘအပေါ်၊ တပည့်က ဆရာအပေါ် စေတနာထားကြတယ်။ ချစ်သူချင်းစေတနာရှိကြတယ်။ သူငယ်ချင်းအချင်း ချင်းစေတနာထားကြတယ်။ ချမ်းသာသူက ဆင်းရဲသူအပေါ် စေတနာထားတယ်။ အစိုးရက ပြည်သူ အပေါ်စေတနာထားတယ်။

စေတနာစိတ်က အရေးကြီးတယ်။ မိဘဆရာတို့က စေတနာက ဖြူသန့်တယ်။ သားသမီးတွေ၊ တပည့်တွေရဲ့ ကောင်းတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် ဆိုးတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် စေတနာမပျက်ဘူး။ မတုန်လှုပ်ဘူး။ ကိုယ်ကစေတနာထားပါရက်နဲ့ မကောင်းတဲ့တုံ့ပြန်မှုပြန်ရလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေး၊ ထားရမယ့် စေတနာဆက်ထားပေးနေတာပဲဖြစ်တယ်။

ကျန်သူတွေအချင်းချင်းကြားမှာတော့ စေတနာပျက်ယွင်းမှုတွေ တူညီတဲ့တုံ့ပြန်မှုတွေရှိလာတတ်တယ်။ လူ့စိတ်ကလေးပီပီ ပြောင်းလဲကုန်တော့တယ်။ အထူးသဖြင့် စေတနာထားပါရက်နဲ့ နေရာနဲ့ယှဉ်လာတဲ့အခါ စေတနာပျက်ကုန်တတ်တယ်။

စေတနာနဲ့ နေရာပေးတယ်။ တလွဲတွေ လျှောက်လုပ်ပစ်တယ်ဆိုရင် စေတနာပျက်သွားတတ်တယ်။ စေတနာနဲ့ မြေတောင်မြှောက်ပေး၊ ကူညီပေးတယ်။ နောက်ပိုင်းကိုယ့် ကိုယ်ပါထိခိုက်စော်ကားလာရင် စေတနာပွန်းပဲ့တတ်တယ်။

စေတနာထားတဲ့လူကလည်း စေတနာမှန်ဖို့လိုပြန်တယ်။ ကိုယ်ကိုယ်တိုင်စေတနာထားခဲ့ပြီးမှ
စေတနာအလျောက် အောင်မြင်သွားခဲ့ရင် နေရာတွေရသွားခဲ့ရင် ကိုယ့်စေတနာကိုယ်တိုင်က ညိုပုပ်လာ တာမျိုးမဖြစ်သင့်ဘူး။ စေတနာနဲ့ယှဉ်တွဲနေတဲ့ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာတို့ပါ တွဲစပ်ပါဝင်သင့်တယ်။ မဟုတ်ရင် ကိုယ့်စေတနာနဲ့ကိုယ်နောင်တရနေရင် မကောင်းပေဘူး။

နေရာ
နေရာဆိုတာ ဒီနေရာမှာ အ ဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့နေရာ၊
လုပ်ပိုင်ခွင့်ရှိတဲ့နေရာ၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့နေရာ၊ အမှုဆောင်အရာရှိနေရာတွေကို ပြောတာပါ။

တချို့နေရာက နေရာကောင်းရထားတယ်ဆိုရင် စီးပွားဖြစ်တဲ့နေရာ၊ ၀င်ငွေဖြောင့်တဲ့နေရာကိုခေါ်ပါတယ်။
ဒီအိမ်လေး၊ ဒီခြံလေး၊ ဒီဆိုင်လေးကနေရာကောင်းတယ်။ သူ့သားက၊ သူ့အဖေက နေရာကောင်းရထားတယ်။ ရထားပေါ်မှာ၊ ကားပေါ်မှာ နေရာကောင်းရတယ်စသဖြင့် ပြောတတ်ကြတယ်။

နေရာဟာအရေးကြီးတယ်။ တခဏတာအတွက်ပဲဖြစ်ဖြစ်၊ တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ် လူတွေက
နေရာကောင်းကို လိုချင်တတ်ကြတယ်။

နေရာရဖို့ကတော့ အဓိက ကြိုးစားကြရတာပါပဲ။ ဇာတ်ပွဲကြည့်ဖို့ဖြစ်ဖြစ်၊ စတိတ်ရှိုးကြည့်ဖို့ပဲဖြစ်ဖြစ်၊ မယ်ရွေးပွဲကြည့်ဖို့ပဲဖြစ်ဖြစ် နေရာကောင်းရချင်ရင် စောစောစီးစီးလက်မှတ်ဝယ်၊ ဖျာဝယ်၊ စောစောစီးစီးသွားနေရာယူကြရပါတယ်။

လက်မှတ်တန်ဖိုးအလိုက်သတ်မှတ်တဲ့နေရာတောင် နေရာကောင်းရချင်ရင် နည်းနည်းတော့ ပိုအားစိုက်၊ ပိုကြိုးစားရတာပါပဲ။ ဒါကငွေပေးပြီးနေရာယူတာ၊ နေရာဝယ်တာဖြစ်ပါတယ်။

ငွေပေးပြီးယူရတဲ့နေရာမဟုတ်တဲ့ ပညာနဲ့အရင်းတည်ကြိုး စားရတာမျိုး၊ ကိုယ့်အရည်အချင်းပြပြီး ဖန်တီးလုပ်ကိုင်ပြမျိုးဆိုရင်တော့ ပိုခက်သွားသလို ပိုပြီးလည်း အားစိုက်ရပါတယ်။
စာရေးရေး၊ အလုပ်လုပ်လုပ် စေတနာထားလုပ်ကိုင်ရန်လိုသည်။

ပညာတို့၊ အရည်အချင်းတို့တည်ပြီး ကြိုးစားရတာမျိုးဆိုရင် ခံစားအကဲဖြတ်တဲ့ပရိသတ်ရဲ့အဆင့်အတန်းနဲ့ ခံစားနိုင်မှုက အရေးကြီးသလို အဲဒီအကဲဖြတ်ပုဂ္ဂိုလ်တို့ရဲ့စေတနာကလည်း သန့်ရှင်းဖို့လိုပါတယ်။ ထပ်ဆင့်ရှင်းအောင် ပြောရရင်တော့ အဂတိမလိုက်ဖို့လိုပါတယ်။

တော်သင့်သူကို တော်သင့်သလိုနေရာပေးရာမှာဖြစ်ပါတယ်။ ကိုယ့်အကျိုးဆောင်လို့၊ ကိုယ်သဘောကျလို့၊ ကိုယ်ချစ်လို့ဆိုပြီး နေရာတွေ စွတ်ပေးလို့ မသင့်သလို အမြင်ကပ်လို့၊ မုန်းလို့ဆိုပြီး နေရာမပေးတာလည်း မကောင်းပါဘူး။ စေတနာသန့်သန့်နဲ့ နေရာတွက်ချက်ပြီး ပေးရမှာဖြစ်ပါတယ်။

နေရာရသူဘက်ကလည်း ကြိုးစားရမှာတွေရှိ ပြန်ပါတယ်။ ကိုယ့်မှာနေရာရအောင် အကောင်းဆုံးကြိုးစားခဲ့ပြီး (တစ်ခါတစ်ရံတော့ နည်းစုံကို သုံးခဲ့ရတတ်တယ်) နေရာရခဲ့ပြီဆိုတော့ ဒီနေရာနဲ့ထိုက်တန်အောင်၊ ကိုယ့်ကိုရိုသေလေးစားကြအောင်၊ နေရာနဲ့ထိုက်တန်သူလို့ အကဲဖြတ်မှတ်ချက်ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကိုယ်ရရှိတဲ့နေရာအလိုက်လည်း စေတနာအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ စေတနာမပါဘဲ စေတနာမထားဘဲ နေရာအလွဲသုံးစားလုပ်နေရင်လည်း မကောင်းပါဘူး။ ကြာရင် ခံရသူများက စေတနာပျက်လာမှာ ဖြစ်ပါတယ်။ ခံရတဲ့သူတွေ စေတနာပျက်ရင် တစ်ခါကိုယ့်နေရာက ပြန်ပြီးလှုပ်လာမှာ ဖြစ်ပါတယ်။

ဆိုချင်တာက နေရာနဲ့စေတနာ၊ စေတနာနဲ့နေရာက ဆက်စပ်နေပါတယ်။ ကိုယ့်လုပ်ရပ်ကိုယ့်စေတနာကြောင့် နေရာတွေရနိုင်သလို၊ နေရာသာယူပြီးစေတနာမပါ၊ လုပ်ရပ်မကောင်းရင်တော့
နေရာကြာရှည်မတည်မြဲနိုင်ပါကြောင်း တင်ပြရပါတယ်။

Wednesday, December 05, 2007

မြန်မာ့အထာ

သူငယ်ချင်းအချင်းချင်း ပြောတတ်ကြတယ်။ အထာမကိုင်စမ်းပါနဲ့ကွာလို့၊ အထာထားပါကွာ မင်းကလဲလို့၊ အထာဆိုပြီး ထည့်ထည့် ပြောတတ်ကြတယ်။ အထာဆိုတာ ဘာလဲ။ ဒီဆောင်းပါးမှာ
အဲဒီမြန်မာ့အထာတချို့ကို ပြောပြချင်ပါတယ်၊ စိတ်ဆိုးကြမလားတော့ မသိပေဘူး၊ သို့သော်လည်း ဝေဖန် ထောက်ပြစရာလေးဖြစ်နေတော့လည်း ထောက်ပြရတာပါ့၊ စဉ်းစားကြည့်ကြဖို့ပါ။

အထာဆိုတာ
ဆောင်းပါးမစခင် ဝေါဟာရကို အရင်ရှင်းထားမှ ဖြစ်မယ်။ ဝေါဟာရကစပြီး ရှုပ်နေရင် နောက်ပိုင်း
ပိုရှုပ်သွားမယ်။

မြန်မာအဘိဓာန်မှာတော့ အထာကို န-သဘော၊ သဘာဝလို့ အနက်ပေးပါတယ်။ အထာကျ ကိုတော့ ကြိ-နေသားကျသည် လို့ပြောပါတယ်။

ဒီတော့ အထာမကိုင်ပါနဲ့၊ အထာကြီးနဲ့ မနေပါနဲ့ဆိုတာ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံကို အဓိက
ရည်ညွှန်းတာပဲဖြစ်ပါတယ်။ ရုပ်ဟန်သွင်ပြင်မှာ အထာပုံစံ တွေ့ရတတ်တယ်။

မြန်မာ့စိတ်ရင်းလို့ ပြောလိုက်ရင် ကောင်းတာတွေပဲ များပါလိမ့်မယ်။ မြန်မာတွေကိုယ်တိုင်က ငါတို့ဟာ စိတ်ရင်းအလွန်ကောင်းတဲ့လူမျိုးလို့ တွေးထင်ကြပြီး မြန်မာတွေနဲ့ ခင်မင်ရင်းနှီးဆက်ဆံဖူးကြတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာတွေဟာ စိတ်ရင်းကောင်းတယ်၊ စိတ်ထားဖြူတယ်၊ စေတနာသန့်တယ်။ အကြင်နာတရား၊ မေတ္တာတရားကြီးမားကြတယ်လို့ ဆိုကြတယ်။

ဒီမှာ တစ်ခုစဉ်းစားရမှာက ကိုယ့်ကိုကောင်းတာတွေပြောတိုင်း ကျေနပ်နေရမှာမဟုတ်ဘူး၊ တကယ် ကောကောင်းရဲ့လားလို့ ပြန်စဉ်း စားဖို့လိုတယ်။ တစ်ခါတလေ ဧည့်သည်က သံတမန်ဆန်ဆန်စကား ပြောသွားတာဖြစ်ကောင်းဖြစ်မယ်၊ ကိုယ်တွေလည်း အိမ်တွေမှာ ဧည့်သည်သွားလုပ်ရင် ဒီလိုပဲပြော တတ်ကြတာပဲ မဟုတ်လား။

အိမ်ကြီးက ရှုပ်ပွနေတာကို တွေ့ပါရက် နဲ့ အိမ်လေးက ချစ်စရာလေးတို့၊ ဆောက်ထားတဲ့ပုံစံကလည်း ကောင်းလိုက်တာတို့ ပြောတတ်ကြတာပဲ။ ဘယ်လောက်ပဲ သံတမန်ဆန်ဆန်ဘယ်လောက်ပဲအဖြူရောင်မုသား (တစ်ပါးသူအား မနစ်နာစေသော၊ တစ်ခါတစ်ရံ ကောင်းကျိုးပင်ရှိသွားစေသော လိမ်ညာမှု) ပြောပြော၊ ကိုယ်တိုင် (အိမ်ရှင်) ကတော့ အသိဆုံးဖြစ်မှာပါပဲ။

အထာမကျသော အထာများ
မြန်မာ့အထာတွေထဲက အထာမကျတဲ့ အထာတွေအကြောင်း ပြောပြချင်ပါတယ်။ မကြိုက်မှန်းသိပေမယ့် ဒီဆောင်းပါးရဲ့ဦးတည်ချက်ကိုက အဲဒါပဲဖြစ်နေတာမို့ ဖတ်ရှုလို့ စဉ်းစားဝေဖန်ကြပါဦး။

မြန်မာ့အထာတွေထဲမှာ အထာမကျတဲ့ အထာတွေကတော့ အားနာတာနဲ့ အတင်းပြောတာ၊ မနာလိုတာနဲ့ပညာပြတာ၊ ပျင်းတာနဲ့ အမှုမဲ့အမှတ်မဲ့နေတာပဲ ဖြစ်ပါ တယ်။ ဒါကလည်း မြန်မာအများစု မှာ တွေ့ရတာမို့ မြန်မာ့အထာလို့ ပြောရတာပါ၊

နိုင်ငံတကာစံချိန်မီ (တချို့နိုင်ငံတကာစံချိန်ထက်သာတယ်)တော်တဲ့၊ တတ်တဲ့ ကိုယ်အမူအရာ စိတ်အမူအရာ ကောင်းတဲ့ မြန်မာတွေလည်း အများကြီးရှိပါတယ်။

ဒီနေရာမှာ နိုင်ငံတကာစံချိန်ဆိုတာ ဘယ်ဘာသာကိုးကွယ်သူဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် အဲဒီ ဘာသာအဲဒီလူမျိုးတွေရဲ့ အကောင်းဆုံးဆိုတဲ့ ကိုယ်အမူအရာ စိတ်အမူအရာတွေနဲ့နေနိုင်သူတွေကို ပြောတာပါ။ အာရှတွင်းမှာပဲနေရမလား။ အာဖရိကသွားရမလား။ ဥရောပလား၊ အမေရိကလား။ နေရာမရွေး နေတတ်၊ ထိုင်တတ်ဝင်ဆန့်နိုင်တဲ့ အနေလည်းတတ်၊ ပညာလည်းတော်တဲ့ နိုင်ငံတကာစံချိန်မီတွေကို ပြောတာပါ။

အားမနာရဘူးလား
မြန်မာတွေက အားနာတတ်တယ်။ ဒါကြောင့် အားမနာရတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။ အဖြေကတော့ အားနာစရာရှိရင် နာပြီး အားမနာသင့်တာကိုတော့ မနာဖို့ပါပဲ။ လူကြားထဲ လက်ကိုင်ပ၀ါမအုပ်၊ လက်မအုပ်ဘဲ ချောင်းဆိုးထည့်ရမှာကို အားနာရမှာဖြစ်ပေမယ့် အစည်းအဝေးမှာ ပွင့်ပွင့် လင်းလင်းတင်ပြပြောဆိုစရာကိုတော့ အားမနာသင့်ပါဘူး။

လူကြားထဲ ကိုယ့်ရောဂါပိုးသူများကူးချင်ကူး၊ ကိုယ်အနေသက်သာပြီးရောဆိုပြီး ဆိုးချင်သလိုချောင်းဆိုးထည့် လိုက်တာကတော့ အားနာစရာ ကောင်းပါတယ်။ အဲဒါမျိုးကို အားနာပါ၊ မြန်မာပီပီရဲရဲကြီး အားနာလိုက်ပါ၊ နိုင်ငံတကာစံချိန်တင်အောင်ကို အားနာလိုက်ပါ။

ခုနက ပြောသလိုအစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘဲ နောက်ကွယ်မှာမှ ကိုယ့်လူကြီးအတင်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေအတင်းအုပ်နေရင်တော့ အားနာစရာကောင်းပါတယ်။

အစည်းအဝေးမှာ ကိုယ်ကတင်ပြစရာရှိတာတင်ပြခဲ့ရင် လူကြီးတွေ လုပ်ဖော်ကိုင်ဖက်တွေကပြန်ပြီး ရှင်းပြ ပြောဆိုတုံ့ပြန်နိုင်ပေမယ့် နောက်ကွယ်မှာ အတင်းပြောမယ်ဆိုရင်တော့ အဲဒီလူတွေက ဘာမှပြန်ပြီး မပြောမဆိုနိုင် မရှင်းလင်း မတုံ့ပြန်နိုင်မှာမို့ အားနာစရာကောင်းလှပါတယ်။ အဲဒါဆိုရင်တော့ မြန်မာပီပီ အားရပါးရအားနာလိုက်ပါ။

မနာလိုတာ ကောင်းသလား
မနာလိုတာ မကောင်းဘူးဆိုတာ လူတိုင်းသိပေမယ့် လူတိုင်း နာလိုတတ်တာ မဟုတ်ဘူးဆိုတာကိုလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အနည်းနဲ့အများဆိုသလို တစ်ဦးနဲ့တစ်ဦး မနာလိုမှုတွေကတော့ရှိနေကြတာပါပဲ။ ဒါပေမယ့် မြန်မာတွေထဲမှာ အထူးသဖြင့် မြန်မာလူငယ်တွေထဲမှာ ကိုယ့်ထက်တော်သူ၊ ကိုယ့်ထက်ချွန်သူ၊ ကိုယ့်ထက်အခွင့်အရေးရတာ၊ ရာထူးရတာကို နာလိုတတ်ကြတဲ့လူတွေလည်းရှိတတ်တာကို တွေ့ရပြန်ပါတယ်။
ကောင်မလေးရင်ဘတ်ပါ စာသားများကို လိုက်နာသူတိုင်း စိတ်အေးသက်သာရကြသည်။ စိတ်ပေါ့ပါးသွားကြသည်။

နာလိုတယ်ဆိုတာ သူတစ်ပါးကောင်းစားတာ၊ အခွင့်အရေးရတာကို ကိုယ်ရသလိုပဲ ၀မ်းသာတာဖြစ်ပါတယ်။
ခက်တာက မြန်မာတချို့ဟာ မနာလိုတတ်ကြတယ်။ တစ်ခါတလေများ ကိုယ်လည်းပေးရတာမဟုတ်တဲ့၊ သူတို့ဘာသာရတဲ့ အခွင့်အရေးတွေကိုတောင် မရစေချင်ကြဘူး။ ကိုယ်မရစေချင်တာကို ရသွားတဲ့အခါ မနာလိုမှုတွေ ဖြစ်နေတတ်ကြတယ်။

ဆရာတချို့ဟာ ကိုယ့်တပည့်ကို ပြန်ပြိုင်ပြီး မနာလိုဖြစ်ကြတယ်။ အဖေက သားကို မင်းက ငါ့သားပါကွာလို့ဆိုပြီး မနာလိုချင်တယ်။ (ဖခင်တိုင်းကို ပြောတာပြစ်မှားတာမဟုတ်ပါဘူး၊ ဖခင် တစ်ယောက်တလေကို ပြောတာပါ)။

အလုပ်ရှင်ဟာ ကိုယ့်အလုပ်သမားစွာသွားမှာကို မလိုချင်ကြဘူး။ မနာလိုတာကို မကောင်းမှန်းသိရက်နဲ့ မနာလိုမဖြစ်တော့ဘူးကွာလို့ တွေးပါရက်နဲ့ မနာလိုဖြစ်နေကြတာကို တွေ့နေရပါတယ်။

မနာလိုတာနဲ့တွဲလာတာကတော့ ပညာပြတာပါပဲ။ မနာလိုတဲ့သူဟာ လူရှေ့သူရှေ့မှာတော့ နာ လိုချင်ယောင်ဆောင်တတ်ပေမယ့် သူ့ခွင်ထဲရောက်တဲ့အခါမှာတော့ ပညာပြတော့တာပါပဲ။ မနာလိုတာဟာ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းမှာ ဖြစ်နိုင်သလို လုပ်ငန်းဆက်ဆံဘက်တွေမှာလည်း ဖြစ်နိုင်တာပါပဲ။

လုပ်ဖော်ကိုင်ဖက်မှာဖြစ်တဲ့ မနာလိုတာပဲဖြစ်ဖြစ် လုပ်ငန်းဆက်ဆံဘက်ခြင်းဖြစ်တဲ့ မနာလိုတာပဲဖြစ်ဖြစ်၊ ဟန်ဆောင်ကောင်းလို့ သူများတွေ မသိတောင် သူတို့အချင်းချင်း(မနာလိုဖြစ်သူနဲ့ မနာလိုဖြစ် ချင်းခံရသူ)ကတော့ သိပါတယ်။ တစ်ခါတလေမှာတော့ မနာလိုဖြစ်ခံရတဲ့သူက မသိတာမျိုးလည်း ရှိ တတ်ပါတယ်။

ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ မရနိုင်တဲ့ အခွင့်အရေးတစ်ရပ်ရပ် ကိုယ့်လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် အခြားသင့်တော်သူတစ်ယောက်ပဲဖြစ်ဖြစ် ရသွားခဲ့ရင် နာလိုလိုက်ပါ။ ကိုယ်ကပေးရမယ့်သူ၊ ပေးနိုင်တဲ့ အခွင့်အရေးရှိသူ ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်အခွင့်အရေးပေးရမယ့်သူကို ကိုယ်ကိုယ်တိုင်မနာလိုမဖြစ်ဘဲ ပေးလိုက်ပါ။ မနာလိုတာ မကောင်းပါဘူး၊ နာလိုကြပါ။

မြန်မာတွေ မပျင်းဘူး
မြန်မာတွေကို ပျင်းတယ်လို့ပြောရင် ဘယ်မြန်မာမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာ တချို့ကနည်းနည်းတော့ ပျင်းကြပါတယ်။ တချို့ကတော့ စကားလှလှသုံးလို့ ပျင်းတာမဟုတ်ပါဘူး၊ တင်း တိမ်ရောင့်ရဲတာပါလို့ ပြင်ပြော နှုတ်လှန်ထိုး ပြောတတ်ကြပါတယ်။

မြန်မာတချို့က အလုပ်တစ်ခုကို ကြာရှည်မြဲအောင် မလုပ်ချင်ကြဘူး၊ ကြာလာရင် လုပ်ရည်ကိုင် ရည်လျော့လာကြတယ်၊ ပျင်းလာကြတယ်။ အဲဒီအခါ သူလုပ်ကိုင်တဲ့ အရည်အသွေးကလျော့လာတယ်။ အဲဒါကို သူကိုယ်တိုင်လည်း သိသလို သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူ့ဆရာသမားတွေလည်း သိကြတာပါပဲ။

အချိန်တစ်ခုလောက်လုပ်ပြီးရင် ပျင်းသွားတတ်ကြတာဟာ ၀ါသနာမပါတာကို လုပ်နေရတာကြောင့် လားဆိုတဲ့မေးခွန်းကို ဖြေကြည့်စေချင်ပါတယ်။ မဟုတ်ပြန်ပေဘူး၊ တချို့က ၀ါသနာပါတာကို လုပ်နေရင်းနဲ့ကို ပျင်းနေတတ်ကြတာ။
မြန်မာတို့အလုပ်လုပ်လျှင် ပါးစပ်ကော၊ လက်ကော၊ ခြေထောက်ကော အအားမထား အငြိမ်မနေ အလုပ်လုပ်တတ်သော်လည်း မလုပ်တော့ဘူးဆိုလျှင်ကား လုံးဝမလုပ်ပြန်တော့ပေ။

ပျင်းတာနဲ့တစ်ဆက်တည်း တွေ့ရတတ်တာကတော့ အလုပ်လုပ်တာ မသေသပ်တာပါပဲ။ အလုပ်ကို အမှုမဲ့အမှတ်မဲ့လုပ်တာ၊ လေးလေးနက်နက်၊ မှတ်မှတ်သားသားမလုပ်တတ်တာကို မြန်မာ တချို့မှာတွေ့ရတတ်ပါတယ်။ ဆိုချင်တာက မြန်မာတချို့ဟာ သုတေသနပိုင်းမှာ အားနည်းကြတယ်။

မြန်မာစာရေးဆရာအများစုက ဖြစ်ဖို့မလွယ်တဲ့စာရေးဆရာ ဘ၀ရောက်နေခဲ့ပြီးနောက်မှာ သူ စာဘယ်နှပုဒ်၊ ဘယ်နှအုပ်ရေးခဲ့ပြီးပြီလဲဆိုတာကို မပြောနိုင်ကြတော့ဘူး၊ မှတ်မှတ်သားသားလုပ်ခဲ့လည်း ပထမပိုင်းမှာပဲဖြစ်ပြီး၊ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့်ဆက်ပြီး မှတ်မှတ်သားသား မရှိကြတော့ဘူး။ ဒါဟာ ခက် ခဲတဲ့ကိစ္စမဟုတ်ပေမယ့် အလေ့အကျင့်မရှိကြလို့ မှတ်မှတ်သားသား မရှိကြတာပဲ။

မိဘတွေက မှတ်မှတ်သားသားမရှိရင်၊ သားသမီးတွေလည်း မှတ်မှတ်သားသား မရှိတော့ဘူးပေပဲ။ တချို့မိဘတွေက သားသမီး နှစ်ယောက်၊ သုံးယောက်မွေးထားပြီး သားသမီးရဲ့မွေးနေ့ မသိသလို သားသမီးကလည်း ကိုယ့်မှာ မိဘ နှစ်ပါးတည်းရှိပါရက် ကိုယ့်မိဘ မွေးနေ့မသိတဲ့ သားသမီးတွေရှိကြတယ်။

ကိုယ်ဆယ်တန်းအောင်တဲ့ ခုနှစ်နဲ့ ခုံနံပါတ်ကို မမှတ်မိတော့တဲ့သူတွေ၊ ကိုယ့်မှတ်ပုံတင်နံပါတ်နဲ့ ကိုယ့်ပတ်စ်ပို့နံပါတ် အလွတ်မမှတ်နိုင်တဲ့သူတွေရှိနေတာကိုတွေ့ရတယ်။

ကိုယ်နိုင်ငံခြားကို ဘယ်နှစ်တွေက ရောက်ဖူးလဲ၊ ဘယ်တွေ ရောက်ခဲ့လဲမေးရင် တော်တော်များများက အကြမ်းဖျင်းပဲ ပြောနိုင်ကြတယ်၊ အသေးစိတ်ကို မပြောနိုင်ကြတာများတယ်။ တစ်ခါတလေ သိချင်သိနေတတ်တယ်၊ သေသေချာချာ ပြန်မပြောနိုင်ကြဘူး။

ပြောရရင်တော့ အခြားအထာတွေလည်း ရှိနေသေးတယ်။ ဒါပေမယ့် အခုပြောခဲ့သလောက် မဆိုးရွားတဲ့အထာတွေ ဖြစ်နေတော့ စာမဖွဲ့လောက်ဘူး။

တခြားနိုင်ငံက လူတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ ကောင်းကွက်နဲ့ ဆိုးချက်တွေ အသီးသီးရှိကြတာပါပဲ။ ခုနက ပြောခဲ့တာတွေကတော့ မြန်မာတချို့မှာ ယေဘုယျသဘောမျိုး တွေ့ရတတ်တာမို့ ပြန်စဉ်းစား ပြင်ဆင်၊ ဆင်ခြင်သင့်တယ်ထင်လို့ တင်ပြရပါတယ်။
အူရိုင်း


အိပ်ချင်နေတဲ့ ဒီမျက်လုံးတွေမြင်လည်း

ဟိုဘက်လှည့်နေတော့

စိန်မခေါ်ပါဘူး

တစ်ယောက်တည်းပဲ အိပ်ပါ့မယ်။

စိတ်မထင်ဘဲ လုပ်ချင်ရာ လုပ်တတ်သူမို့

ကြိတ်ချင်လည်း ကြိတ်ထည့်လိုက်ပေရော့

နက်မှောင်တဲ့ ဒီလမ်းမပေါ် ငါအိပ်နေခဲ့တယ်။

ခေါင်းချည်းပဲ မာရုံတင် မဟုတ်ဘူး

စိတ်ကလည်း မနှံ့တဲ့သူမို့

ခေါင်းနဲ့စိတ် ဟက်တက်ကွဲအောင် ရိုက်ထည့်သွားပေါ့။

အူရိုင်း န- ၁။ အရက်မသောက်ဖူးသူ ၂။ (ဥပစာ)အချစ်ကိစ္စစသည်တို့တွင် အတွေ့အကြုံမရှိသေးသူ။