“ မမြင်ရမှ လက်ပြလိုက်ပါ ”
တိမ်တစ်အုပ် ငါ့အချစ် ငံ့လင့်နေကြ
လမင်းလေးက ရယ်လို့မောလို့
မင်းကလေးကို တွေ့ရှိပြီးနောက်ဝယ်
ငါ အလိုအလျောက် တုန်လှုပ်ကြောက်ရွံ့ခြင်းများကို ပိုင်ဆိုင်လာခဲ့တယ်။
“ဖြေနိုင်လား”
“အေး အကုန်ဖြေနိုင်တယ်ဆိုတဲ့”
လဲလှယ်ခြင်းများကြားမှာ
ကိုယ်စီအတွေးများ ရှိမှာပေါ့။
မင်းမှာ တက်ကြွတဲ့အတွေးတွေ ရှိမယ်ဆိုရင်
တောင်ပံတစ်စုံ ရောင်းချင်ပါတယ်၊
လွယ်ကူစွာ ဟစ်အော်သီဆိုမှုများကို
မင်း ဘာကြောင့် အကြိမ်ကြိမ်ပြုလုပ်တာလဲ မိန်းကလေးရေ...။
နစ်နဲစွာ ခံစားမှုများကို ပြုလုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ဟာ ငါပါလို့
လမင်းကို ပြောလိုက်
လေခင်းကို ပြောလိုက်
လူရှင်းတဲ့နေရာမှာ ပြောလိုက်နဲ့
ငါဟာ ရူး ရူးနေတတ်ခဲ့ပြီ။
တင်းကျပ်တဲ့ စိတ်တွေ
ကြိုးများနဲ့ ရစ်ပတ်ချည်နှောင်မှု
အလွတ်မဲ့ တွယ်တာခြင်းတွေနဲ့
တစစ ခန်းခြောက်လာတဲ့ စိတ်ကူးအိပ်မက်တွေကို
အပြင်းအထန် တောင်စောင်းတွေမှာ လိုက်လံရှာဖွေခဲ့မိတယ်။
မရယ်ရတဲ့ လူရွှင်တော်တွေရဲ့ ဟာသတွေကို နားမထောင်နိုင်လို့
ဟစ်အော်ရယ်မောမိတဲ့အခါ
ငါ့ကိုငါ ဟုတ်လှချည်လားလို့ အထင်ကြီးမိတဲ့အခါ
ငှက်ကလေးက တောင်ပံတွေခတ်လို့
တဖျတ်ဖျတ်နဲ့ ကူးခတ်နေတဲ့ ငါးကလေး
လေတွေကိုပဲ ၀၀ရှုနေလေတယ်။
အကြောင်းကြောင်းတွေကြောင့်
ကဗျာတွေ စပ်မိ
စာတွေ ရေးမိတဲ့အခါ
မဟုတ်တာတွေမှန်း နောက်မှ သိရတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်တော့တဲ့အခါ
တိတ်တိတ်ကြိတ် ရယ်မောခြင်းတွေနဲ့ပဲ ဖြေသိပ်လိုက်ရတယ်။
“ဟေ့ကောင်ကြီး” “ယောက်ဖကြီး” ဆိုတဲ့ စကားတွေဟာ
နောက်ပြောင်ခြင်းများသက်သက် မဟုတ်တော့ဘူးဆိုရင်
ငါတို့ ဘာလုပ်ကြရမလဲလို့
သူတို့တွေ ငါ့ကို လာမေးကြလိမ့်မယ်။
အရမ်းကာရော စကားတွေ ပြောတတ်ရုံနဲ့
ပညာရှိကြီး ဖြစ်ပြီလို့
ယုံစားနေသူတွေ ရှိတယ်ဆိုရင်
မင်း ယုံမှာလား မိန်းကလေးရေ...။
တစ်ရစ်လျော့ တစ်ရစ်လျော့နဲ့
ငါ့ဘ၀ဟာ တော်တော်လျော့ကျနေပြီ
နောက်ဆုတ်ရင်း
လှည့်ထွက်ရင်း
ပြုံးပြရင်း
ခေါင်းငုံ့ရင်းနဲ့
လက်တစ်ဖက် ပြလိုက်
နောက်တစ်ဖက်ပြလိုက်
တဖြည်းဖြည်း ဝေးလို့ ၀ါးလို့
မိန်းကလေးရေ...
မမြင်ရမှ လက်ပြလိုက်ပါ။
ဆာယာနီ
ကျောင်းမပြီးသေး၊ ဂျီ-တီ-အိုင် တက်နေဆဲအချိန်၊ ကဗျာပိုး စာပိုးထပြီး တစ်ခုခုကို ခံစားရတိုင်း ကဗျာတွေ စာတွေ တရစပ် ရေးနေချိန်၊ ၀၉-၀၄-၁၉၉၉ က ရေးခဲ့တာလေး တစ်ပုဒ်ဖြစ်ပါတယ်။
Saturday, August 18, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment