Wednesday, November 28, 2007

ပျော်အောင်နေကြစို့

မိမိတို့ဘ၀ကို အသက်အရွယ်အလိုက် နောက်ပြန်ကြည့်ကြည့်၊ ရှေ့ကျော်ကြည့်ကြည့်၊ ဘေးဘီဝဲယာကို ကြည့်ကြည့် စိတ်ညစ်စရာတွေ တွေ့နေပါသလား၊ မကျေနပ်စရာတွေ တွေ့နေပါသလား။ ၀မ်းနည်း သွားပါသလား။ စိတ်ကို ပြန်စုစည်းလိုက်ပါ၊ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ့်ဘေးဘီဝဲယာမှာ ကိုယ့်လိုသူတွေ အများကြီး၊ ကိုယ့်အောက်မှာ ကိုယ့်လိုတောင်မဟုတ်တဲ့ ကိုယ့်ထက်နိမ့်တဲ့လူတွေ အများကြီး၊ ပျော်အောင်နေလိုက်ပါ။

ပျော်စရာနည်းလမ်းများ
ပျော်အောင်နေမှ ပျော်တာပါ၊ စိတ်ညစ်ရင် မပျော်ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရရင် ပျော်တာပါပဲ။ စိတ်ချမ်းသာတာပါပဲ။ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ပါ၊ ပညာရေးက စရရင် ကိုယ်ဝါသနာပါတာ ကိုယ်ကြိုက်တာ ကိုယ်သင်ယူပါ။ ကစားခုန်စားမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားကိုယ်ကစားပါ။ အစားမှာ ကိုယ်ကြိုက်တဲ့အစား ကိုယ်စားပါ။ အဲဒါဆိုရင် ပျော်စရာကောင်းပါတယ်။
ကိုယ်ခင်မင်တဲ့မိတ်ဆွေတွေနဲ့ ပေါင်းသင်းပါ။ သူတို့နဲ့ မျှဝေခံစားပါ။ မိသားစုနဲ့ မျှဝေပါ။ ချစ်ခင်သူနဲ့အတူ ခံစားပါ။

မပျော်အောင်နေကြသူများ
တချို့ကတော့ ပျော်အောင်နေနည်း သိပါရက်နဲ့ မပျော်အောင်နေတတ်ကြတယ်။ ကိုယ်ကိုယ်တိုင်လည်း မပျော်ဘူး၊ ပျော်အောင်လည်း မနေဘူး။ သူများတွေပျော်နေကြတာ၊ ပျော်အောင်နေတာကိုလည်း မကြိုက်ဘူး။
အဲဒီလူတွေက ပျော်တာဟာ အချည်းနှီးပဲ။ သက်သက်မယ့် အချိန်၊ စွမ်းအင်ဖြုန်းတီးနေကြတာပဲလို့ ယူဆကြတယ်။

တချို့က ပညာအတွက်၊ တချို့က ဥစ္စာအတွက်၊ တချို့က ရာထူးအာဏာအတွက် မက်မက်မောမော ရှာဖွေဖမ်းဆုပ်နေကြတယ်။ မပျော်ကြဘူး၊ မပျော်နိုင်ကြဘူး။
ပညာကို ပျော်တာထက် ပိုမြတ်နိုးတယ်။ ငွေကြေးကို အပျော်ထက် ပိုမက်တယ်။ အာဏာကို ပျော်တာထက် ပိုတမ်းတတယ်။ သူတို့လိုချင်ရာနောက်ကိုပဲ လိုက်နေတဲ့သူတွေဟာ အပျော်ကိုအလို မရှိကြဘူး။ မပျော်လည်းဘဲ နေကြ တယ်။ မပျော်ဘဲ နေနိုင်ကြတယ်။ နောက်တော့ ပျော်တာပေါ့လို့ သူ တို့စိတ်ထဲတွေးကြတယ်။ ဒါပေမယ့် အဲဒီနောက်တော့ကို သူတို့ သေသာသွားရော မရောက်ခဲ့ကြဘူး။ မပျော်ခဲ့ကြဘူး။

ဘ၀ဆိုတာဘာလဲ
တကယ်တော့ ဘ၀တစ်ခုဆိုတာ မွေးဖွားပြီးနောက်နဲ့ မသေဆုံးမီ ကြားကာလတစ်ခုပါပဲ။ တချို့ကတော့ အဲဒီအပိုင်းအခြားလေးကို နာရီပိုင်းပဲ ရကြတယ်။ တချို့ကတော့ ရက်ပိုင်းရကြတယ်။ တချို့က လပိုင်းရကြတယ်။ တချို့က ၁၀ နှစ်၊ အနှစ် ၂၀ စသဖြင့်ရတယ်။ တချို့က အနှစ် ၃၀ ရတယ်။ တချို့ က အနှစ် ၄၀ ရတယ်။ တချို့က တော့ သက်တမ်းလွန် ၈၀၊ ၉၀ အ ထိတောင် ရကြတယ်။

ရတဲ့ဘ၀ကိုလည်း အမျိုးမျိုး တည်ဆောက်ကြပြန်တယ်။ တချို့က ပညာအခြေပြုတယ်။ တချို့က စီးပွားရှာဖွေမှုမှာ အခြေပြုတယ်။ တချို့က ကျော်ကြားမှု၊ ဂုဏ်သတင်းကြီးမားမှုဘက် လိုက်တယ်။ တချို့က ရာထူး၊ အာဏာကြိုက်တယ်။ တချို့ကတော့ ဘာသာအယူဝါဒမှာ စွဲကပ်ခိုနားတယ်။ ဘ၀တစ်ခုအပေါ် မိမိတို့နားလည်သလို၊ ခံစားသလို၊ တပ်မက်သလို ဘ၀အဓိပ္ပာယ်တွေ ဖွင့်ဆိုကြတယ်။

ကံပြုသမျှ
ပျော်ရွှင်မှု၊ ဘ၀နဲ့ ဘ၀အဓိပ္ပာယ်အကြောင်းတွေ ပြောကြရင် ကံဆိုတာကို ဖယ်ထားလို့ မရပြန်ဘူး။ တချို့က ကံကိုမယုံဘူး၊ ကံဆိုတာ အလုပ်ပဲလို့ တချို့က အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကံဆိုတာမရှိဘူးလို့ ဆိုသူကလည်း အခိုင်အမာဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဆိုရင်တော့ ကံကိုယုံကြည်ရမှာပဲဖြစ်တယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ ကံရဲ့ ပြဋ္ဌာန်းမှုတွေကလည်း ရှိနေတတ်တယ်။

လူတစ်ဦးတည်းရဲ့လက်ချောင်းတွေအရှည်၊ အတိုမညီသလိုဘဲ၊ မိဘနှစ်ပါးကမွေးတာချင်းတူပါရက် ကံအကျိုးပေးကွာခြားတတ်တယ်။ တိုက်ပွဲတွေ အတူတူတိုက်ခဲ့ပ်ါရက် တိုက်ပွဲဝင်တိုင်း ဗိုလ်ချုပ်မဖြစ်ကြဘူး။ ယောက်ျားသားတို့အတွက် ခံစားမှုအာရုံပိုင်းဆိုင်ရာဝန်ဆောင်မှု ပေးသူချင်းအတူတူ ခံစားခွင့်ရတဲ့ အခကြေးငွေခြင်း မတူကြဘူး။တချို့ကံကောင်းတယ်။ တချို့က ကံမကောင်းဘူး။

ကံကိုမစီရင်နိုင်သေးသမျှ ကံပြုသမျှနုရမှာပါပဲ။ ကံဆိုတာလည်း တကယ်တော့ ကိုယ်ပြုသမျှ ကောင်းမှု၊ မကောင်းမှုရဲ့ အကျိုးဆက်ပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကံဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းကံဖြစ်တယ်။ ကောင်းတာလုပ်ပါရက်ကယ်နဲ့ မကောင်းတာဖြစ်တာ၊ မကောင်းတာတွေ လုပ်နေပါရက်နဲ့ ကံကောင်းနေသေးတာတွေဟာလည်း ကံပဲ မဟုတ်လား။ ကံကောင်းနေတုန်းတော့ ဘာမှလုပ်လို့မရဘူး။ ကံမကောင်းတော့ဘူးဆိုလည်း ဘာမှလုပ်လို့ မရတော့ဘူးပေပဲ။

ပျော်အောင်နေလိုက်ပါ
ဘ၀ကို သရုပ်ခွဲကြည့်တဲ့အခါ အသက်ရှင်ခြင်း၊ ရုန်းကန်လှုပ်ရှားခြင်းနဲ့ ခံစားခြင်းဆိုတဲ့ အပိုင်းသုံးပိုင်းကို တွေ့နိုင်ပါတယ်။ တိရစ္ဆာန်တွေထက် မြင့်တဲ့အပိုင်းကတော့ ခံစားခြင်းပါပဲ။ အသက်ရှင်ခြင်းနဲ့ အသက်ရှင်ဖို့ ရုန်းကန်လှုပ်ရှားခြင်းကတော့ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် အတူတူပါပဲ။ ကိုယ်ရှင်သန်အောင် နည်းမျိုးစုံနဲ့ ကြိုးစားရတာပါပဲ။ ဒီမှာ တရားနည်းလမ်း ကျချင်ကျ မယ်၊ တရားနည်းလမ်းမဲ့ချင်လည်း မဲ့မယ်။ မတတ်နိုင်ဘူး၊ ရှင်သန်ရေး ကို ဦးစားပေးကြရတာပဲ။ လူကတော့ တရားမဲ့မဖြစ်အောင် ထိန်းသိမ်းဆင်ခြင်ကြရတယ်။

သတိထားရမှာက ခံစားတဲ့အပိုင်းပဲ၊ တိရစ္ဆာန်မှာလည်း ခံစားမှုတချို့ရှိတယ်။ ဥပမာ နာကျင်တာ၊ နွားတွေ၊ မြင်းတွေ၊ ခွေးတွေကို ရိုက်ရင် နာတယ်၊ အော်တယ်၊ ပြေးတယ်။ ဥပမာ သဘောကျတာ၊ ကြောင်တွေ၊ ခွေးတွေကို ပွတ်သပ်ချော့မြူရင် သဘောကျတယ်၊ မြူးနေတယ်၊ တခြားဟာတွေလည်း ရှိဦးမှာပဲ၊ နွားတွေက သူတို့ကိုသတ်မှာ သိတယ်၊ ငိုကြတယ်။ ၀က်တွေကတော့ အော်တာပဲ။

လူကတော့ ခံစားမှုမှာ အများကြီးသာသွားပြီ၊ အာရုံခြောက်ပါးလုံးနဲ့ အပြည့်ခံစားတယ်။ ခံစားမှု အာရုံတွေကလည်း အရမ်းကောင်းကြတယ်၊ ရိုးကနဲ၊ ရိပ်ကနဲတောင် ဖမ်းပြီး ခံစားနိုင်ကြတယ်။ သူများ ခံစားမှုကိုလည်း ကူးစက်ခံစားနိုင်ကြတယ်။ သူများနေရာ ကိုယ်ဝင်ပြီးလည်း ခံစားတတ်ကြတယ်။ နည်းမျိုးစုံနဲ့ကို ခံစားကြတယ်။ ဒုက္ခ၊ သုခ၊ အပူ၊ အအေး၊ အပျော့၊ အမာ၊ အထူး၊ အပါး အစုံအလင် ခုံခုံမင်မင်ခံစားနိုင်တာ လူသတ္တ၀ါ တစ်မျိုးပဲ ရှိတယ်။

သိပ်ခံစားတတ်တဲ့ သတ္တ၀ါဖြစ်တာမို့ လူတွေဟာ ပျော်ပျော် မနေတတ်တော့ဘူး။ မပျော်တော့ဘူး၊ လိုက်ပြီးခံစားနေကြတယ်။ ဒေါသတွေထွက်ကြတယ်၊ ၀မ်းနည်းကြတယ်။ ကြိတ်ပြီးဆဲရေးတယ်။ အံကြိတ် တက်ခေါက်တယ်။

တကယ်တော့ လူတွေက ခံစားလွန်းအားကြီးတဲ့အခါ မေ့သွားတာတစ်ခုရှိတယ်။ ဒီလိုပဲ အမြဲခံစားနေရမှာပဲလို့ ထင်တယ်။ တကယ်တော့ မြဲတာဘာမှမရှိပါဘူး။ မမြဲခြင်းတရားဟာ မြဲတယ်လို့ဆိုကြပါတယ်။

မိမိတို့ အသက်အရွယ်အလိုက် နောက်ကိုပဲ ပြန်ကြည့်ကြည့်၊ ရှေ့ကိုပဲ ကျော်ကြည့်ကြည့်၊ ဘေးဘီကိုပဲ ကြည့်ကြည့် အလွယ်တကူ တွေ့ရမှာက မမြဲဘူးဆိုတာကိုပါပဲ။ သိပ်ကြီးလည်း မခံစားပါနဲ့၊ ချိတ် ပြီး(သူတစ်ပါးခံစားမှု ကိုယ့်ခံစားမှုလုပ်ပစ်တာ) လည်း မခံစားပါနဲ့။
သိပ်ကြီးခံစားရတော့ ကိုယ်ပဲ ခံစားရတာ၊ တစ်ဖက်ကကျတော့ ကိုယ်နဲ့လိုက်ပြီး မခံစားနေဘူး။ ချိတ်ပြီး ခံစားတော့ စာနာမှုတော့ ပေးနိုင်ပါရဲ့၊ ခဏနေရင်သူတို့က (မူလခံစားသူ) ကောင်းသွားမှာ၊ ကိုယ်က ဆက်ခံစားနေရမှာ ဖြစ် တယ်။

ဒါကြောင့် ခံစားမှုတွေလျှော့ပြီး ပျော်အောင်နေတတ်ဖို့ လိုတယ်။ ပျော်အောင်နေဖို့ကတော့ အထက်မှာ ဆိုခဲ့သလို ကိုယ်ပြောချင်တာလေး ကိုယ့်မိတ်ဆွေတွေနဲ့ ပြော၊ ကိုယ်လုပ်ချင်တာလေး ရှာဖွေလုပ်ကိုင်၊ ကိုယ်စားချင်တာလေး ရှာဖွေစားသောက်ပါ။

ဘ၀တိုတိုလေးကို မသေအောင်ရှင်သန်ပြီး ပျော်အောင်ခံစားကြည့်ပါ။ အများကြီးသက်သာသွားပါလိမ့်မယ်။ အပူတွေ၊ ဒုက္ခတွေ၊ စိတ်ဆင်းရဲစေမယ့်အရာတွေကို သိပ်ကြီး မခံစားပါနဲ့။ ပျော်အောင်နေလိုက်ပါ။

Sunday, November 25, 2007

ကံကိုသာ ရိုးမယ်ဖွဲ့လို့ဆို


ငါ့ကမ္ဘာမှာ ပန်းတွေမပွင့်ဘူး

သူညီးဖူးတယ်

အို မလွမ်းလောက်ပါဘူးလို့ ဟန်ဆောင်ပန်ဆောင်နေခဲ့တာလည်းကြာ

ညာရတာများလို့ နာခဲ့တာလည်း အကြိမ်ကြိမ်ပေါ့

ရပါတယ် ဖြေလျော့တွေး ရယ်ရတာလည်း မှန်ရှေ့မှာ

မှန်ကလေးဟာ အကုန်သိတာပေါ့ ငါ့ဖြစ်အင်ကို

စိတ်ကိုသိဖို့ တရားတွေထိုင်လိုက်ရတာလည်း ခြေထောက်တွေကို ကျင်လို့

ဘ၀ဟာ မျက်လှည့်ဆရာထက် သေသပ်လွန်းနေတော့ ငါ့မှာ ငိုရမလို

ဗျာပါတွေပိုလည်း မျက်လုံးတွေပဲ ရခဲ့တယ်

တချို့ကဆို မဲ့တောင်မဲ့လို့

စေတနာတွေလည်း ဒီအချိန်မှာ အရာမထင်တော့ဘူးလေ

ဟိုအချိန်မှ မဟုတ်တော့တာ၊ လွမ်းလိုက်တာ မြက်ခင်းစိမ်းလေးကို

အဲဒီတုန်းက ကောင်းကင်မျိုး ငါထပ်မမြင်မိတော့ဘူး

ငါ မကောင်းခဲ့တာတွေလည်း ပါပါတယ်။

ကဗျာရယ် အပြစ်မဆိုကြကြေးကွယ်

ကံကိုသာ ရိုးမယ်ဖွဲ့လို့ဆို

မငိုကြကြေးဆိုဆို ငါကတော့ မျက်ရည်ကို မိုးလုပ်ပစ်မယ်လို့။


ငါ စိတ်ဆိုးတယ်


ငါ စိတ်ဆိုးတယ်
မနေ့ကတော့ ချစ်သလို လုပ်ခဲ့ပြီး
ဒီနေ့တော့ မသိသလို။
မနေ့ကတော့ ဘောင်းဘီဝတ်ပြီး
အခုတော့ စကတ်အရှည်ကြီးနဲ့။
မနေ့ကတော့ ရယ်လို့မောလို့
ဒီနေ့တော့ မသိသလို။
မနေ့ကတော့ ငါ့ကိုကြည့်ရယ်ပြီး
ဒီနေ့တော့ မုန်းတယ်တဲ့။
အနာတွေ ပြန်မဖော်ချင်ဘူး
ငါ ကဗျာမရေးတော့ဘူး
မင်းကို မချစ်တော့ဘူး
ငါ စိတ်ဆိုးတယ်။

Wednesday, November 21, 2007

စပိ၊ တမ်ပိုနှင့် စဉ်းစားစရာလေးတွေ

အောင်မြင်မှု၊ ကျော်ကြားမှု၊ ငွေကြေးနဲ့ အခွင့်အရေးတွေကို အလကားမရတတ်ပါဘူး။ လူကြီး၊ မိဘ၊ ဆရာသမားကြောင့်ရတာဆိုလည်း ကိုယ့်မှာထိုက်သင့်တဲ့ အရည်အချင်းမရှိရင် ခဏပဲဖြစ်ပါလိမ့်မယ်။ တကယ်ကြာရှည်စွာနဲ့ မပြတ်တမ်းရဖို့ကတော့ ကိုယ်တိုင်ကြိုးစားမှပဲရပါတယ်။

ဝန်ထမ်းအတွက်ဆို လစတိုးဖို့၊ အခွင့်အရေးရဖို့၊ နိုင်ငံခြားသွားရဖို့ဆိုတာတွေဟာ ကံကောင်းလို့ဆိုတာအပြင် အများတကာထက်ပိုကြိုးစားထားလို့၊ အပင်ပန်းခံထားလို့၊ အတွေ့အကြုံပြည့်ဝလို့ ဆိုတာတွေလည်းပါဝင်ပါတယ်။ တကယ်တမ်းကတော့ ကြိုးစားမှုက အခြေခံပါပဲ။

အနောက်နိုင်ငံတွေ တိုးတက်ဖွံ့ဖြိုးနေတာ၊ အဲဒီကလူတွေကိုကြည့်ရင် အပြေးအလွှားရှင်သန်နေတာကို တွေ့ရပါတယ်။ အနောက်က ယဉ်ကျေးမှုနဲ့ အဲဒီပတ်ဝန်းကျင်ကို သူတို့ရဲ့ရုပ်ရှင်တွေ၊ ဂီတတွေ၊ ရုပ်မြင်သံကြားသတင်းနဲ့ တင်ဆက်ထုတ်လွှင့်တဲအစီအစဉ်တွေ၊ ပညာရပ်ဆိုင်ရာစာအုပ်စာတမ်းနဲ့ ပုံမှန်ထုတ်ဝေနေတဲ့ စာအုပ်စာတမ်းစာစောင်တွေကနေ လေ့လာသူတိုင်းသိရှိပြီးဖြစ်ပါတယ်။

ကျွန်တော်ကတော့ အဲဒီဝန်းကျင်ကို မကြာမီရက်ပိုင်းက ရောက်ခဲ့ပါတယ်။ အမေရိကကို ၁၀ ရက်လောက်ရောက်ခဲ့တာပါ။ ၀ါရှင်တန်ဒီစီ၊ ဆီယက်တဲလ်နဲ့ ဟိုနိုလူလူဆိုတဲ့ မြို့ကြီးတွေကို ရောက်ခဲ့ပြီး အဲဒီက အစိုးရ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့ စီးပွားရေးအဖွဲ့အစည်းတွေက လူတွေနဲ့တွေ့ခဲ့၊ စကားပြောခဲ့၊ အင်တာဗျူးခဲ့ရပါတယ်။ သူတို့ရဲ့နေပုံထိုင်ပုံ၊ ပြုမူလှုပ်ရှားပုံ၊ စကားပြောပုံ၊ တုံ့ပြန်လှုပ်ရှားပုံတွေကို တွေ့ရတဲ့အခါ ကျွန်တော်တို့စဉ်းစားစရာလေး တွေရခဲ့ပါတယ်။

စပိ
Speed(စပိ)ကို အမြန်၊ အမြန်နှုန်းလို့ဘာသာပြန်ရမှာဖြစ်ပေမယ့် စပိလို့ပဲရေးလိုက်ပါတော့တယ်။ အနောက်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်နေတာ ဒီနေ့လုပ်လို့ ဒီနေ့ဖြစ်တာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြလို့ ဒီနေ့အခြေအနေရောက်လာတယ်ဆိုတာ စဉ်းစား တတ်သူတိုင်းသိပါတယ်။

ဒီနေ့အခြေအနေမှာတော့ သူတို့ရဲ့အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်လို့ စွမ်းဆောင်ရည်ရှိတိုင်း လုပ်နိုင်ကိုင်နိုင်တဲ့၊ ခံစားနိုင်တဲ့ အခြေအနေရှိနေကြပြီမို့ စပိ သိပ်ကောင်းပါတယ်။

စပိကို အင်္ဂလိပ်ဘောလုံးပွဲတွေနဲ့လည်း ယှဉ်တွဲလေ့လာနိုင်ပါတယ်။ အင်္ဂလိပ်ဘောလုံးပွဲတွေက စပိကို အားပြုကစားပါတယ်။ တချို့ဘောလုံးအားကစား ဝေဖန်သူတွေကတောင် ကန်တင်ပြေးလုကန်ဆိုတာ အင်္ဂလိပ်ဘောလုံးကစားနည်းပဲလို့ဆိုကြပါတယ်။ တောင်အမေရိကနိုင်ငံအသင်းတွေလို ဘောလုံးရသအပြည့်အ၀မပေးနိုင်ဘူးလို့ဆိုကြပါတယ်။ စပိကြိုက်တဲ့သူတွေကတော့ အင်္ဂလိပ်ဘောလုံးပွဲကို ကြိုက်ကြပါတယ်။

အမှန်တော့ အချိန်ယူတာ၊ စိတ်ရှည်တာ၊ သပ်သပ်ရပ်ရပ်နဲ့ ကောင်းအောင်လုပ်နိုင်တာက ကောင်းပါတယ်။ ဒါပေမယ့် ဒီနေ့အမြန်ကမ္ဘာမှာကျတော့ ကောင်းပေမယ့် အချိန်သိပ်ကြာနေရင် တကယ်မကောင်းတော့ပါဘူး။ စပိဆိုတဲ့ နေရာမှာ အမြန်နှုန်းတစ်ခုတည်းမဟုတ်ဘူး။ အရည်အသွေးလည်း ပါပါတယ်။ မှန်ကန်မှုလည်း ပါပါတယ်။ တိကျသပ်ရပ်မှုလည်း ပါပါတယ်။ ဒါကြောင့် စပိကို အမြန်လို့ ဘာသာမပြန်လိုက်တာပါ။

မြန်တော့မြန်ပါရဲ့ လွဲနေမယ်။ မှားနေမယ်၊ မသပ်ရပ်ဘူး၊ မတိကျဘူး၊ နောက်ကလိုက်လုပ်ရတယ်၊ ပြန်ပြင်ရတယ်၊ ပြန်တောင်းပန်ရတယ်၊ အရည်အသွေးမကောင်းဘူးဆိုရင် စပိမဟုတ်ပါဘူး။ ကျွန်တော် တို့သတင်းစာသမားတွေအတွက်ဆိုရင် စပိကပိုအရေးကြီးပါတယ်။ စပိမကောင်းရင် အလုပ်မဖြစ်တော့ပါဘူး။ ဒီကနေ့လုပ်ကိုင်နေတဲ့ သတင်းဂျာနယ်(အပတ်စဉ်ထုတ်)ကနေ သတင်းစာ(နေ့စဉ်ထုတ်)ကို သွားမယ်၊ ပြောင်းလဲလုပ်ကိုင်ကြမယ်ဆိုရင် စပိကအရေးအကြီးဆုံးပါပဲ။

အမေရိကမှာ စပိကို တွေ့ခဲ့ပါတယ်။ နေရာတော်တော်များများမှာ တွေ့ခဲ့တာပါ။ တချို့က စက်ရုပ်ဆန်တယ်လို့ဆိုကြပေမယ့် လူတစ်ဦးချင်းတိုးတက်ဖို့၊ မိသားစုတစ်ခုတိုးတက်ဖို့၊ ကိုယ်ပါဝင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတိုးတက်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်တိုးတက်ဖို့၊ နိုင်ငံတိုးတက်ဖို့ဆိုရင်တော့ စပိကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
ကြိုးစားသူအတွက် အသက်မထွက်မီအထိ အလုပ်လုပ်ကိုင်ရမည့်ကာလအတန်ကြာအမြန်ကမ္ဘာတွင် ပညာနှင့် ကျွမ်းကျင်မှုကိုအသုံးပြု၍ သပ်ရပ်စိတ်ချရသောအလုပ်များလုပ်နိုင်သည့် စပိဖြစ်ရန်လည်း အရေးကြီးသည်။

တမ်ပို
စပိလိုပဲ နောက်စာလုံးတစ်လုံး အကြောင်းပြောချင်ပါတယ်။ အဲဒါကတော့ တမ်ပို(Tempo)ပါပဲ။ တမ်ပိုကို ဘာသာပြန်ရရင် အမြန်နှုန်းလို့ပဲ ယေဘုယျဘာသာပြန်ရပါမယ်။ ဒါပေမယ့် တကယ့်အဓိပ္ပါယ် ကတော့ပုံမှန်လုပ်ကိုင်နေတဲ့နှုန်းကနေ လိုအပ်လာရင် ဒါမှမဟုတ် ပိုထိရောက်တဲ့အခြေအနေတစ်ရပ် ရောက်ဖို့၊ ပီပြင်ဖို့အတွက်ကို တင်လိုက်ရတဲ့နှုန်း(အမြန်နှုန်း)ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာမပြန်တော့ဘဲ တမ်ပိုလို့ပဲရေးပါမယ်။

တမ်ပိုကို ကျွန်တော်တို့ သိကြတာက ဝေါ့ဇ်(Waltz)ဂီတမှာပါ။ ခံစားမှုတစ်ခုကို ပေးနိုင်အောင် တင်တီးတဲ့အမြန်ပေါ့။ တမ်ပိုတီး လိုက်တာပေါ့။ ပုံမှန်ဆိုရင်တော့ စုံတွဲတွေကလို့ရအောင် နူးညံ့ချို သာလေးတီးတာပေါ့။ နောက်တော့ ခံစားမှုတက်လာအောင် အမြန်တီးတာပေါ့၊ လိုအပ်သလို မြန်အောင် တီးလိုက်တော့လည်း ခံစားလို့ကောင်းတာပါပဲ။

နောက်တစ်ခုက ရုပ်ရှင်ကားတွေမှာ၊ ၀တ္ထုဇာတ်လမ်းတွေမှာ အထွတ်အထိပ်ခံစားမှုရအောင် (မျက်ရည်ကျအောင်) တမ်ပိုကို ဆွဲတင်ပစ်လိုက်တာပါပဲ။ ပုံမှန်ဇာတ်လမ်းအခင်းအကျင်းကနေ ဇာတ်ထိပ် ဇာတ်ထွတ်ကို ပို့ပေးလိုက်တာပဲ။ လိုအပ်ရင် လိုအပ်သလို အချိန်ကိုက်၊ အရည်အသွေးအပြည့်၊ ကြာမြင့်ချိန်အတိအကျ၊ ခံစားမှုအံဝင်ခွင်ကျမြှင့်ပေးလိုက်တာကို တမ်ပိုမြှင့်တယ်၊ တမ်ပိုတင်တယ်လို့ ခေါ်ကြတာပါပဲ။

အဲဒီတမ်ပိုက သူတို့ဆီမှာ သိပ်ကောင်းနေပြီ။ လိုရင်လိုအပ်သလိုတင်လို့ရနေတယ်။ ဘောလုံးသမားတွေကိုပဲ ပြန်ပြီးဥပမာပေးရမယ်။ ဥရောပတစ်ခွင်ကကမ္ဘာကျော်ကလပ်အသင်းကြီးတွေမှာ ကစားနေကြတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ စပိက ကောင်းသလို ကစားပွဲရဲ့ တမ်ပိုကိုလည်း လိုရင် ရောက်အောင်ကစားနိုင်တယ်။ ရှင်းရှင်းပြောရရင်တော့ ညှစ်အားပေါ့။ တမ်ပိုဆိုတာ အမြင့် ဆုံးကိုရောက်အောင်ညှစ်ထုတ်ပစ်လိုက်တာပေါ့။

တမ်ပိုက ကစားပွဲတစ်ခုမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းဆောင်ရွက်မှုတစ်ခုမှာပဲဖြစ်ဖြစ်၊ အများကြီးမရှိနိုင်ဘူး။ ခဏခဏမဖြစ်နိုင်ဘူး။ တစ်ခါပဲရှိချင်ရှိမယ်။ နှစ်ခါလောက်ရှိချင်ရှိမယ်။ ဒါပေမယ့် ရင်သပ်ရှုမောနဲ့ အကောင်းဆုံး ခံစားနိုင်စွမ်းရှိရမယ်။

အဲဒီတမ်ပိုကိုရအောင် ကျွန်တော်တို့ပြင်ဆင်ထားရမယ်။ ဒါတွေက လူတစ်ဦးချင်းလုပ်လို့ရတဲ့ဟာတွေပဲ။ လူတစ်ဦးချင်းကနေ တစ်နိုင်ငံလုံးလုပ်ထားနိုင်ရင် ပိုကောင်းတာပေါ့။ ခုနကပြောခဲ့တဲ့ စပိတွေ၊ တမ်ပိုတွေရနိုင်ဖို့ကတော့ ပညာရည်ကို တတ်နိုင်သရွေ့ မြှင့်ထားရမယ်။ အတွေ့အကြုံကို ရသမျှရှာယူနေရမယ်။ ဗဟုသုတတွေတိုးပွားအောင် လုပ်ထားရမယ်။

မြန်မာတွေမှာ အစွမ်းရှိတယ်။ အတုခိုးတာ၊ အတတ်သင်တာမြန်တယ်။ ပတ်ဝန်းကျင်ပဲ၊ ရေခံမြေခံပဲ။ ပတ်ဝန်းကျင်ကောင်းရင်၊ ရေခံမြေခံကောင်းရင် သူတို့လိုပဲ စပိတွေ၊ တမ်ပိုတွေရှိနေမှာပဲ၊ အဲဒါဆိုအောင်မြင်မှာပဲ၊ ကြိုးစားကြဖို့ပါပဲ၊ စဉ်းစားကြည့်ဖို့ပါ။
(ဆောင်းပါးနှင့်ပတ်သက်၍ ဝေဖန်ဆွေးနွေးလိုပါက myothahtet@ gmail.com သို့ ရေးပါ၊ ပြောပါ။)
ဆီယက်တဲလ်ဆိပ်ကမ်း စီမံခန့်ခွဲမှု
အမေရိကန်ပြည်ထောင်စု၊ အနောက်မြောက်ဘက် ၀ါရှင်တန်ပြည်နယ်ဆီယက်တဲလ်(Seattle)မြို့မှာ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာနေသော မြို့ဖြစ်သည်။

အမေရိက၏ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဆီယက်တဲလ်သည် ပြည်တွင်း၊ ပြည်ပနှင့် စီးပွားရေးကူးလူးဆက်သွယ်မှုများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လာသောကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များမှစ၍ ပိုမိုဖွံ့ဖြိုးတိုးတက်လာသော မြို့တော်အသွင်ဆောင်လာခဲ့သည်။

အမေရိကန်များကိုယ်တိုင်ကလည်း ၀ါရှင်တန်ဒီစီကဲ့သို့ မြို့နှင့်ယှဉ်လျှင် သီးခြားထင်ရှားသောမြို့တစ်မြို့အဖြစ် ဆီယက်တဲလ်ကိုရှုမြင်ကြသည်။

ဆီယက်တဲလ်တွင် ထူးခြားမှုရှိသည်မှာ မြို့၏အဓိက စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော ဆီ ယက်တဲလ်ဆိပ်ကမ်း(Port of Seattle)းစီမံခန့်ခွဲမှုဖြစ်သည်။ ဆီယက်တဲလ်ဆိပ်ကမ်းစီမံခန့်ခွဲမှုအောက်တွင် ဆီယက်တဲလ်နှင့် အနီးအပါးမြို့ တာကိုးမား(Tacoma)တို့ အသုံးပြုသော ဆီယက်တဲလ်လေဆိပ်လည်း ပါဝင်သည်။

အမှုဆောင်လူကြီးရွေးချယ်မှု
ဆီယက်တဲလ်ဆိပ်ကမ်းကို အစိုးရ သို့မဟုတ် အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုက စီမံခန့်ခွဲ သည်မဟုတ်ပါ။ ဆီယက်တဲလ်မြို့နေ ပြည်သူများက ရွေးကောက်တင်မြှောက်ကာ အမှုဆောင်လူကြီး ၅ ဦးက အုပ်ချုပ်ခြင်းဖြစ်သည်။ ၎င်းင်းတို့ကို ဆီယက်တဲလ်ဆိပ်ကမ်း ကော်မရှင်နာလူကြီးများ(Port of Seattle Commissioners)းဟု ခေါ်သည်။

၎င်းင်းတို့က ဆိပ်ကမ်းကြီးတစ်ခုလုံး စီမံခန့်ခွဲရေးအတွက် အမှုဆောင်အရာရှိများ(Chief Executive Officers)ခန့်အပ် တာဝန်ပေးပြီး လုပ်ဆောင်စေသည်။ စီမံခန့်ခွဲမှုအဖွဲ့ကြီးက ၀င်ငွေကိုရှာဖွေပြီး ဆိပ်ကမ်းဖွံ့ဖြိုးရေးအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများကိုပြုသည်။ သုံးစွဲစရာများကို သုံးစွဲသည်။
ဆိပ်ကမ်းမြို့နှင့် ပြည်သူများ မထိခိုက်ရေးအတွက် ဆောင်ရွက်ရန်များကို ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့် မြို့၏သဘာဝပတ် ၀န်းကျင်အခြေအနေများ မထိခိုက်စေရေးနှင့် လေသန့်စင်မှုအခြေအ နေကောင်းမွန်စေရေးတို့ ဖြစ်သည်။

ဆီယက်တဲလ်ဆိပ်ကမ်းစီမခန့်ခွဲမှုအောက်တွင် လေဆိပ်ပါရှိနေသောကြောင့်လည်း လေဆိပ်ဝင်ငွေသည် ဆိပ်ကမ်းဝင်ငွေအဖြစ် ၀င်ရောက်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းနေသောမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်နေသောကြောင့် လေဆိပ်ဝင်ငွေမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်ရရှိလျက်ရှိသည်။


ဝင်ငွေကောင်းစွာ ရှာဖွေနိုင် ပြီဖြစ်သော၊ တိုးတက်ဖွံ့ဖြိုးလာ သော စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းများကို တစ်ပြိုင်နက်ဆောင်ရွက်နိုင်သော ဆီယက်တဲလ်ဆိပ်ကမ်း စီမံခန့်ခွဲမှုကို ရွေးချယ်ခံအမှုဆောင်လူကြီးများက ကျေနပ်အားရလျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း အစိုးရက မကြာမီကစတင်၍ ဆိပ်ကမ်းများနှင့် သင်္ဘောတင်လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ စိတ်ဝင်စားက လုပ်ကိုင်ကြပါရန်တိုက်တွန်းဆွေးနွေးခဲ့သည်။

နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်လျှင် ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် လုပ်ပုံကိုင်ပုံများမှာ အရေးကြီးလွန်းသဖြင့် ဆီယက်တဲလ်ဆိပ်ကမ်း စီမံခန့်ခွဲမှုကို လေ့လာမိသမျှတင်ပြရခြင်းဖြစ်သည်။

ဆိပ်ကမ်းဝန်ဆောင်မှုများတွင် ကုန်စည်ပို့ဆောင်မှုများသာမက ခရီးသည်(အထူးသဖြင့် အ ပန်းဖြေခရီးသည်)၀န်ဆောင်မှုများမှာလည်း အရေးကြီးသည်။ ဆီယက်တဲလ်ဆိပ်ကမ်းသည် ဇိမ်ခံ သင်္ဘောကြီးများ ရပ်နား၊ ထွက်ခွာရန်နှင့် လိုအပ်သောဝန်ဆောင်မှုများကို ပေးနေသည်။
နိုင်ငံတကာဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် ဆီယက်တဲလ်တွင် နိုင်ငံတကာစည်းဝေးပွဲများ ကျင်းပနိုင်ရန် ကွန်ဖရင့်စင်တာရှိသည်။ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ(World Trade Center)ရှိသည်။

ဒေသခံပြည်သူများက ဆီယက်တဲလ်ဆိပ်ကမ်းအမှုဆောင်လူကြီးများ ရွေးချယ်မှုကို ၁၉၁၁၊ စက်တင်ဘာ ၅ က စတင်ခဲ့ခြင်းဖြစ်သည်။ ဆီယက်တဲလ်ဆိပ်ကမ်းကို ယင်းအမှုဆောင်လူကြီးများက အုပ်ချုပ်သည်။ အမှုဆောင်လူကြီး ၅ဦး၏သက်တမ်းမှာ၎နှစ်ဖြစ်သည်။

ဆီယက်တဲလ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ဆီယက်တဲလ်နှင့်တာကိုးမားမြို့နှစ်မြို့ကြားတွင် လေဆိပ်တစ်ခုကို တည်ဆောက်ခဲ့ပြီး၊ ၁၉၄၉ မှစပြီး၊ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဆီယက်တဲလ် -တာကိုးမားနိုင်ငံတကာလေဆိပ်ကို အတိုကောက်အားဖြင့် ဆီးတတ်(Sea-Tac)ဟု ခေါ်သည်။

ဆီယက်တဲလ်ထင်ရှားရသည့်အကြောင်း
ဆီယက်တဲလ်တွင် အခြေစိုက်သည့် အမေရိကန်စီးပွားရေးကို ကြီးစွာအားဖြည့်ထားသည့် ကမ္ဘာ ကျော်စီးပွားရေးလုပ်ငန်းကြီးများ ရှိခဲ့သည်၊ ရှိနေဆဲဖြစ်သည်။

မိုက်ကရိုဆော့ဖ်သည် ဆီယက်တဲလ်တွင် စတင်တည်ထောင်ခဲ့သည်။ ကမ္ဘာကျော်လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဘိုရင်းကုမ္ပဏီသည် ဆီယက်တဲလ်တွင် အခြေစိုက်ထားသည်။ ကော်ဖီယဉ်ကျေးမှု ဖြစ်စေခဲ့သည့် စတားဘတ် (Starbucks Coffee) သည် ဆီ ယက်တဲလ်မြို့မှ ထုတ်ခဲ့ခြင်းဖြစ်သည်။

ယခု ဆီယက်တဲလ်မှာ မြို့ပြဖွံ့ဖြိုးမှုအလွန်အားကောင်းလာသောကြောင့် အိမ်ရာမြေစီးပွားရေး အလွန်ဖွံ့ဖြိုးလာသည်။ ဆိပ်ကမ်လုပ်ငန်းများနှင့်အတူ အိမ်ရာမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလုပ်ကိုင်လာကြသည်။ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများကိုလည်း ဆီယက်တဲလ်ဆိပ်ကမ်းမှတစ်ဆင့် ပိုမိုတိုးတက်စွာ လုပ်ကိုင်လာကြသည်။

အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၀၆ ဇန်န၀ါ ရီမှ ဒီဇင်ဘာတွင်း ဆီယက်တဲလ်ဆိပ်ကမ်းနှင့် နိုင်ငံတကာကုန်သွယ်ဘက်နိုင်ငံများ ထိပ်သီး ၃၀ စာရင်းတွင် အာရှ ၁၉ နိုင်ငံပါဝင်သည်။

တရုတ်မှာ နံပါတ်တစ်၊ ဂျပန် ဒုတိယနှင့် တောင်ကိုရီးယား တတိယတို့ ဖြစ်သည်။
ဆီယက်တဲလ်ဆိပ်ကမ်းမှ တစ်ဆင့် တရုတ်မှ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်ဖိုး တင်သွင်းပြီး၊ တရုတ်သို့ တစ်ဘီလီ ယံကျော်ဖိုး ပြန်ပို့သည်။ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိသည်။

ဂျပန်မှ ကန်ဒေါ်လာ ၆ ဘီလီယံ ကျော်ဖိုးတင်သွင်းပြီး၊ ၂ ဘီလီယံ ကျော်ဖိုး ပြန်ပို့သည်။ စုစုပေါင်းကုန်သွယ်မှု ပမာဏကန်ဒေါ်လာ ၉ ဘီလီယံကျော် ရှိသည်။

ဆီယက်တဲလ်ဆိပ်ကမ်းမှာ အမေရိကန်ပြည်ထောင်စုအတွက် အာရှပစိဖိတ်နှင့် အရှေ့ဘက်ထွက် ပေါက်အတွက် အလွန်အရေးကြီးသည့် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည်။ ဆိပ်ကမ်းစီမံခန့်ခွဲမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသောကြောင့် တင်ပြရပါသည်။
Across The Universe
အနုပညာများဖြစ်သော ရုပ်ရှင်နှင့် ဂီတတို့မှာ အခြားအနုပညာများနည်းတူ ဘာသာစကားအတားအဆီးကို ကျော်လွှားနိုင်စွမ်းရှိကြသည်။ မူလဖန်တီးထားသည့် ဘာသာစကား၊ ယဉ်ကျေးမှုတို့နှင့် နီးစပ်ပါက ပို၍ခံစားနိုင်စွမ်းရှိသည်။

မကြာမီက အမေရိကန်တွင် ရုံတင်ခဲ့သော Across The Universe ကို ကြည့်ရှုခဲ့ရာမှ ဆင့်ပွားဝေငှခံစားလို၍ ရုပ်ရှင်ခံစားမှုကို တင်ဆက်ရပါသည်။

အမေရိကရှိ ထိပ်တန်းသတင်းစာကြီးများမှ ရုပ်ရှင်ဝေဖန်ရေးစာနယ်ဇင်းဆရာများနှင့် ရုပ်ရှင်ပရိသတ်များ၏ အကဲဖြတ်ချက်တွင် Across The Universe ကို “ကောင်း”အဆင့်ပေးကြသည်။

ကြယ်ပွင့်များဖြင့် ရုပ်ရှင်ကားတစ်ကားကို အကဲဖြတ်ကြရာတွင် ကြယ်ငါးပွင့်မှာ အကောင်းဆုံး (အပြစ် ပြောစရာမရှိအောင်ကောင်း) ဖြစ်ပြီး Across The Universe သည် ကြယ်သုံးပွင့်ကျော် (3.3 stars) ရရှိခဲ့သည်။

Across The Universe(စကြ၀ဠာကို ကျော်လွန်၍ ဟိုမှာဘက်သို့)သည် တေးဂီတအခြေပြု ဘ၀သရုပ်ဖော်၊ အချစ်အလွမ်း ကားလေးဖြစ်သည်။ စက်တင်ဘာလကုန်ပိုင်းကစတင်၍ အမေရိကန်တစ်ဝန်းတွင် ရုံတင်ခဲ့သည်။

ကမ္ဘာကျော်ဂီတအဖွဲ့ဘီတဲလ် (Beatles)သီချင်းများကို အသုံးပြုထားသည့် အချစ်ကားလေးဖြစ်သောကြောင့် ဘီတဲလ်ချစ်သူများ အလွမ်းပြေစေရာ၊ ငယ်မူငယ်သွေးကြစေရာ၊ စွဲမက်ဖွယ်ရာ ဖြစ်သည်။

ဒါရိုက်တာ၏တင်ပြပုံကောင်းမွန်ပြီး ကင်မရာအယူအဆများ ရဲရင့်ကာ၊ တည်းဖြတ်မှုက ပိရိသေသပ်လွန်းသည်။ ၂ နာရီနှင့် ၁၁ မိနစ်ကြာသော ရုပ်ရှင်ကားမှာ သရုပ်ဆောင်တို့၏ သရုပ်ဆောင်ကောင်းမှု၊ ဒါရိုက်တာနှင့်သက် ဆိုင်ရာပညာရှင်တို့၏ကဏ္ဍအလိုက် ကောင်းစွာတင်ဆက်နိုင်မှုကြောင့် ပျင်းရိခြင်းမရှိဘဲ ရစ်သမ်မှန်မှန်ဖြင့် ကြည့်ရှုနိုင်သည်။

ဇာတ်လမ်းကြီး(ဇာတ်အိမ်ကြီးကြီး)ကြိုက်သူများအတွက်မူ အတန်ငယ်အရသာ ပေါ့နေနိုင်သည်။ လူငယ်များအတွက် ပိုမိုသင့်တော်သည့် သာမန်အချစ်ကားလေးတစ်ကားသာ ဖြစ်သည်။ ထူးခြားသည်မှာ လူငယ်များ ပွင့်လင်းလွတ်လပ်မှုနှင့် အချစ်၏ရိုးရှင်းမှုကို Across The Universe ဖော်ကျူးထားခြင်းဖြစ်သည်။

ဇာတ်ကား၏ အနှစ်ချုပ်ကို All You Need Is Love နင်လိုတဲ့အားလုံးဟာ အချစ် ဟုဆိုထားသည်။
အချစ်ကို ချစ်အောင်၊ ခင်တွယ်အောင်၊ လေးစားအောင်၊ တန်ဖိုးထားအောင်၊ ယုံကြည်အောင် သိဒ္ဓိတင်ပေးထားသော Across The Universe ဟုဆိုချင်သည်။ မချစ်တတ်သေးသူများကော၊ အ ချစ်စမ်းချင်သူများကော၊ အချစ်ကျွမ်းကျင်သူများပါ ခံစားဝေဖန်သင့်သော တေးဂီတအားပြု (ဘီ တဲလ်သီချင်းများကို အကွက်ကျစွာ သုံးထားသည်) ဇာတ်ကားဖြစ်ပါကြောင်း တင်ပြရပါသည်။

ဇာတ်ကားအကြောင်းနှင့် ဇာတ်လမ်းအကျဉ်း
Across The Universe ကို ဒါရိုက်တာဂျူလီတေမာ(Julie Taymor)က ဘီတဲလ်သီချင်းများ(Beatles)ဖြင့် စိတ်ကြိုက်ရိုက်ကူးခဲ့သည်။ သီချင်းများကို ပါဝင်သရုပ်ဆောင်သူများက ကိုယ်တိုင်သီဆိုကြပြီး အဆိုကောင်းများဖြစ်သည်။

သီချင်းတိုင်းသည် ဇာတ်လမ်းနှင့်လိုက်ဖက်စွာ အချိတ်အဆက်မိနေလေသည်။ မင်းသား Jim Sturess က Jude အဖြစ်သရုပ်ဆောင်သည်။ မင်းသမီး Evan Rachel Wood က Lucy အဖြစ်ပါဝင်သည်။
ဇာတ်လမ်းကို တေမာ၊ ကလဲ မန့်၊ လာဖရန်အေ့စ်တို့က ရေးသားသည်။ ရုပ်ရှင်ကားကို PG-13 (အ ရွယ်ငယ်သားသမီးများကြည့်လျှင် မိဘများသတိထားစောင့်ကြည့်ထိန်းချုပ်သင့်သည်) အဆင့်ဖြစ်သည်။ ဇာတ်ကားတွင် လူကြီးခန်း၊ ရုန့်ရင်းစကား၊ မူးယစ်ဆေးဝါးနှင့် မကြမ်းတမ်းသော အကြမ်းဖက်မှု စသည့်ပြကွက်တချို့ ပါဝင်သည်။

အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ သင်္ဘောကျင်းတွင် အလုပ်လုပ်သော ဂျူ့ဒ်သည် ကွဲကွာနေသောဖခင်ကို
ရှာဖွေရန် အမေရိကသို့ ရောက်လာခဲ့သည်။ ဖခင်ကိုတွေ့ရသော်လည်း ဖခင်မှာ နောက်အိမ်ထောင် နှင့်ဖြစ်နေပြီး သာမန်လူ(အဆောက်အဦများထိန်းသိမ်းစောင့်ရှောက်သူ)တစ်ယောက်သာဖြစ်သဖြင့် မည်သည့်အကူအညီမျှမရခဲ့ပေ။

ဂျူ့ဒ်သည် ပရင်စတန်ကောလိပ်မှကျောင်းသားမတ်စ်နှင့် အမှတ်မထင်ခင်မင်ခဲ့ပြီး မတ်စ်နှမလူစီဆိုသော ကောင်မလေးနှင့်ဆုံတွေ့ခဲ့သည်။ မတ်စ်ကဂျု့ဒ်ကို သူ့အိမ်ခေါ်သွားပြီးနောက် မိသားစုညစာစားကြရင်း သူကျောင်းထုတ်ခံရကြောင်း မိဘတို့အားပြောပြခဲ့ရာ မိဘတို့အလွန်စိတ်ဆိုးကြသည်။

ထို့နောက် မတ်စ်နှင့်ဂျု့ဒ်တို့ နယူးယောက်ခ် ရောက်လာခဲ့ကြသည်။ ၎င်းတို့သည် ရော့ခ်အဆိုတော်မ ဆေဒီ၏အိမ်တွင် ငှားနေကြသည်။ ယင်းအိမ်သို့ ဂီတာသမားဂျိုးဂျိုးနှင့် အမေရိကန်-အာရှကပြားမလေး ပရူးဒန့်စ်တို့လည်းရောက်လာကြသည်။ ဂျိုးဂျိုးနှင့်ဆေဒီတို့ ကြိုက်ခဲ့ကြပြီး ကွဲသွားကြ၊ ပြန်ပေါင်းကြနှင့် ရွရွလေးနှင့် ထိထိမိမိလေးခံစားစေသည်။
လူစီသည် ဗီယက်နမ်စစ်ပွဲကြောင့် ရည်းစားတစ်ယောက် ဆုံးရှုံးထားသူဖြစ်သည်။ နောက်တော့ ဂျု့ဒ်နှင့်ကြိုက်တော့သည်။ အချစ်၊ အလွမ်းများနှင့်အတူ စစ်ဆန့်ကျင်ရေးကိုလည်း ကောင်းစွာသရုပ် ဖော်ထားသည်။ ထိမိစွာရိုက်ပြထားသည်။ ၁၉၆၀ ခုနှစ်များကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားခြင်း ဖြစ်သည်။

အမေရိကန် လွတ်လပ်ရေးရုပ်တုကြီးကို ဗီယက်နမ်တောထဲသို့ ရွှေ့သည့်သရော်ချက်များကိုလည်း ဒါရိုက်တာကရိုက်ပြခဲ့သည်။

အနှစ်ချုပ်
ရုပ်ရှင်သည် ဘာသာစကားနှင့် ယဉ်ကျေးမှုစည်းဘောင်ကို ကျော်လွန်နိုင်သည်။ လူအသိုင်းအ၀ိုင်းတစ်ခုတွင် ဖြစ်ပျက်သော(ဖြစ်ပျက်ခဲ့သော၊ ဖြစ်ပျက်လတ္တံ့သော)ကိစ္စများ၊ အကြောင်းအရာများ၊ ခံစားချက်များ၊ တုံ့ပြန်ချက်များကို လူများကိုပင် နည်းမျိုးစုံ၊ ပုံစံမျိုးစုံ၊ တင်ပြမှုမျိုးစုံ၊ ပေါင်းစပ်မှုမျိုးစုံဖြင့် ပြန်လည်တင်ပြနိုင်သော အနုပညာများတွင် ရုပ်ရှင်ကထိပ်တန်းက ပါဝင်သည်။

ရုပ်ရှင်အနုပညာရှင်များသည် ခေတ်ကိုလည်း ကျော်လွန်နိုင်ကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ပွဲနှင့်မူဝါဒများကို အလှပဆုံးနှင့် အသေသပ်ဆုံးထိတွေ့ပြနိုင်သည်။ ခံစားမှုမှတ်ချက်ပြုနိုင်ကြသည်။ ထင်မြင်ချက်သတင်းစကားပါးနိုင်ကြသည်။

လူငယ်က ရိုးသားသည်၊ ပွင့်လင်းသည်။ အချစ်က နူးညံ့သည်၊ သိမ်မွေ့သည်၊ ရိုးရှင်းသည်။ တေးဂီတက အပျော်၊ အလွမ်း၊ အမာ၊ အပျော့ခံစားချက်မျိုးစုံကို ပေးနိုင်သည်။
လူငယ်၊ အချစ်၊ တေးဂီတ၊ မူဝါဒနှင့် သတင်းစကားအမှာပါးမှု တို့ကို အနုပညာမြောက်စွာ (ပြည့်စုံ စွာ) အမွှမ်းတင် တင်ဆက်ထားသော Across The Universe မှာ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်းနှင့် အမှတ်ရထားကြကာ ကြုံကြိုက်ပါက ကြည့်ရှုခံစားသင့်ပါကြောင်း တင်ပြရပါသည်။

Sunday, November 18, 2007

ဟာဝိုင်အီသို့ အလည်တစ်ခေါက်

မောင်မောင်တစ်ယောက် မကြာမီက ဟာဝိုင်အီသို့ အလည်တစ်ခေါက်ရောက်ခဲ့သည်။ ဟာဝိုင်အီဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုတန်းလေး၊ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု။

ပင်လယ်ကမ်းခြေများနှင့် အဆို၊ အကအစရှိသည့် သီးသန့်တစ်ဘာသာယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်များကို ဆွဲဆောင်သည့်မြို့တော် ဟိုနိုလူလူသို့ မောင်မောင်တို့ အောက်တိုဘာစတုတ္ထပတ်က ရောက်ခဲ့ကြသည်။

ဟာဝိုင်အီသည် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဟုဆိုသော်လည်း လူဦးရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်က အာရှမှ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်သည်။ ဂျပန်တို့က အများဆုံး၊ ဖိလစ်ပိုင်နှင့် တရုတ်တွေ၊ ခြားအာရှသားတွေလည်း အများသား။

ဂျပန်နှင့် ဟာဝိုင်အီပျံပြေးသည့် United Airlines လေယာဉ်ပေါ်မှာကတည်းက ခရီးသည်များ သိမှတ်စရာ ကြေညာစရာများကို အင်္ဂလိပ်ဘာသာအပြင် ဂျပန်ဘာသာနှင့်ကြေညာသည်။ ခရီးသည်ရာခိုင်နှုန်း တော်တော်များများကလည်း ဂျပန်များသာ။ ဂျပန်တို့က ဟာဝိုင်အီကို ချစ်ကြသည်၊ လည်ကြသည်။

ကမ်းခြေများနှင့်မြို့
ဟာဝိုင်အီတွင် အဓိကကျွန်းကြီး ငါးကျွန်းရှိသည်။ မြို့တော် ဟိုနိုလူလူရှိသည့် ကျွန်းက တစ်ကျွန်း၊ အဲသည်ထက်ကြီးသည့် ကျွန်းကြီးလည်းရှိသေးသည်။ Big Island ဟု ခေါ်သည်။ ဟိုနိုလူလူမှာတော့ ၀ီကီကီကမ်းခြေ (WAIKIKI) က နာမည်ကြီးသည်၊ အစည်ကားဆုံးဖြစ်သည်။
ဟာဝိုင်အီတွင် သိထားသင့်သည့် စကားနှစ်ခွန်းရှိသည်။ Aloha နှင့် Mahalo။ Aloha က နှုတ်ခွန်းဆက်သည့် စကား၊ Mahalo က ကျေးဇူးတင်ကြောင်း ပြောသည့်စကား၊ အဲဒီစကားတွေပြောလျှင် ဟာဝိုင်အီကျွန်းသား တွေက ပြုံးပြုံး ပြုံးပြုံးနှင့်။ ကျွန်းသားတွေပီပီ ညိုညိုလုံးလုံး ဖြီးဖြီးထွားထွား ညက်ညက်စိမ့်စိမ့်တွေလည်း တွေ့ရသည်။

ဟာဝိုင်အီတွင်ပါတီသွား
ဟာဝိုင်အီရောက်လျှင် ယဉ်ကျေးမှုကို အမိအရ ဖမ်းဆုပ်ခံစားနိုင်ရန် သွားသင့်သောနေရာကား ရှော့ ပင်းစင်တာမဟုတ်ပါ၊ နိုက်ကလပ် မဟုတ်ပါ၊ The Hawaiian Luau ပွဲတော်ဖြစ်သည်။ ပါတီဟု အ လွယ်ခေါ်ပါစို့။ အချိုရည်နှင့်စပ်ထားသော ယမကာ၊ လူ ၅၀၀ ခန့် ပါဝင်ဆင်နွှဲမည့် ပါတီပွဲနှင့် နောက်ခံဆည်းဆာ၊ ဟာဝိုင်အီ စတိုင်လ်ချက်ပြုတ်စီမံထားသော ညစာ၊ ဟာဝိုင်အီအဆိုအကများနှင့် အနီးအနားကျွန်းနိုင်ငံများမှ ယဉ်ကျေးမှု၊ အလှ၊ အက၊ သဘာဝ များပေါင်းစပ်ဖန်တီး အကွက်ကျ စီစဉ်တင်ဆက်ပေးကြသည်။

ဓာတ်ပုံဆရာတို့အတွက် ကင်မရာမှန်ဘီလူးကော၊ မျက်လုံးကော၊ လက်ပါလည်ထွက်သွားမည့် အကွက်များ၊ ခံစားမှုများကို ဟာဝိုင်အီ၏ ယင်းညနေခင်းတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း အာမခံနိုင်သည်။ The Hawaiian Luau ပွဲကို သွားလိုလျှင် ဟိုနိုလူလူရှိ မိမိနေထိုင်ရာနေရာ (ဟိုတယ် သို့မဟုတ် တည်းခိုရာနေရာ)မှ ယင်းကဲ့သို့ ပွဲတော်တင်ဆက်ပေးသောကုမ္ပဏီထံမှ လက်မှတ်ဝယ်ရမည်။

လက်မှတ်မှာ ဒေါ်လာ ၃၀ မှ ၆၀ ကျော်အထိရှိသည်။ မောင်မောင်ဝယ်သော လက်မှတ်မှာ ၆၂ ဒေါ်လာကျသည်။ လက်မှတ်တွင် အချိုရည်နှင့်ဗော်ကာစပ်(ပန့်ခ်ျ) ယမကာ သုံးခွက်ရမည်၊ အချိုရည် (ကိုလာ၊ ဆိုဒါစသည့်) နှင့် ကော်ဖီကြိုက်သလောက်သောက်၍ရသည်။ ညစာကို ဘူဖေးပုံစံဖြင့် တည်ခင်း ကျွေးမွေးသည်။ ယဉ်ကျေးမှုအက အလှပသာဒများကို တစ်ဝကြီးခံစားခွင့်ရမည် ဖြစ်သည်။ ဟာဝိုင်အီ ကျွန်းသူလေးတွေချောကြောင်း နောက်အခန်းတွင် ဆက်ပါဦးမည်။

မမေ့နိုင်စရာ ညနေခင်း
မောင်မောင်တည်းခိုရာဟိုတယ်(Ala Moana)၏ကူညီဝန်ဆောင်မှုပေးရာကောင်တာ(Activities Desk)တွင် လက်မှတ်ကို ၆၂ ဒေါ် လာပေးဝယ်ပြီးနောက် ဟိုတယ်ဘေးသတ်မှတ်နေရာတွင် စောင့်ဆိုင်းနေလိုက်သည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လူ ၆၀ ဆန့်ဘတ်စ်ကားကြီးရောက်လာသည်။ မောင်မောင်အပါအ၀င် ၅၉ ယောက်ပါကြောင်း လမ်းညွှန်(ဂိုက်)က ပြောသည်။ ဂိုက်က အသွားရော၊ အပြန်ပါ ခရီးသည်များ အပန်းပြေရန်၊ မငြီးငွေ့စေရန်နှင့် ပါးစပ်မပိတ်နိုင်ဘဲရယ် မောနေစေရန် ဟာသများ ဆက်တိုက်ပြောသွားသည်။

ဟာဝိုင်အီကျွန်းသားတို့ အင်္ဂလိပ်စကားကောင်းစွာပြောနိုင်သော်လည်း ကြားနေကျအသံမဟုတ်သဖြင့် မောင် မောင့်မှာ အတော်နားစိုက်ရသည်။ ကိုယ့်ဟာကိုယ်လည်း ရယ်ရ၊ သူပြောတာတချို့ကြောင့်လည်း ရယ် ရပေါ့လေ။

မောင်မောင်တို့နေရာ မြို့လယ်ဝီကီကီအရပ်မှ ၃၇ မိုင်ခန့် ဝေးရာGermine's Leauသို့ နာရီဝက်ခန့်နှင့် ရောက်သည်။ ကားကြီးကလည်းကောင်း၊ လမ်းကြီးကလည်း ဖြူးသမို့ ရယ်စရာ နားထောင်လိုက်၊ တောင်ငေး၊ မြောက်ငေး (ပြတင်း ဟိုဘက်ဒီဘက်ကြည့်ခြင်းကိုပြောသည်)နှင့် မီးပြတိုက်ကြီး ထီးထီးရှိသော ကမ်းခြေသို့ ရောက်သွားခဲ့သည်။
ရောက်တော့ ဂိုက်ကပဲ ခေါင်းလျှိုစေပြီး ပင်လယ်ကမ်းခြေထွက် ခရုဆွဲကြိုလေး ဆွဲပေးလိုက်သည်။ ဂိုက်ကယောက်ျားဘသားဗလကြီးနှင့်မို့၊ မောင်မောင့်မှာ မကြိုက်သော်လည်း ကြောက်ကြောက်နှင့် ခေါင်းလျှို ပေးလိုက်သည်။ သူတို့ပေးသော ဖျော်ဖြေရေးအစီအစဉ်စာအုပ်တွင်တော့ ချစ်စရာဟာဝိုင်အီကျွန်းသူလေးက နူးညံ့ချိုပြုံးနှင့် ပန်းအစစ်ပန်းကုံးစွပ်ကြိုပြီးတော့ နှုတ်ဆက်အနမ်း (Aloha Kiss) ပေးသတဲ့။

မောင်မောင်တော့ အဲဒီအခွင့်အရေးမရခဲ့၊ မောင်မောင်ပါတဲ့အခေါက်မှ အစီအစဉ်တွေပြောင်းသ လားတော့မသိ။ ဗလကြီးနှင့်ပဲတွေ့ခဲ့ရသည်။ ပြီးတော့ တန်းစီရသည်။ ညနေခင်းကမ်းခြေရောက်သည်မို့ ၀င်တော့မည့်နေမင်းကြီးနှင့် ဆည်းဆာကောင်းကင်ကြီး နောက်ခံထားလို့ ဓာတ်ပုံရိုက်ရန်ဖြစ်သည်။

စုံတွဲတွေက နှစ်ယောက်တစ်တွဲတန်းစီကြသည်။ သူငယ်ချင်းဆိုလည်း နှစ်ယောက်တွဲတန်းစီကြသည်။ မောင်မောင်ကတော့ တစ်ယောက်တည်းမို့ အထီးကျန်စွာ တစ်ကိုယ်တော်တန်းစီ၊ ကိုယ့်အလှည့်ကျတော့ ဓာတ်ပုံအရိုက်ခံ၊ တစ်ယောက်တည်းမို့ အိုက်တင်တော့အလျော့မခံ၊ အဘွားပြောခဲ့ဖူးသော ကြာပြုံးလေးနှင့်။

အို ဆည်းဆာ..သင်ဟာ အကျည်းတန်သူကိုပင် ကြည့်ကောင်းချောမောအောင် လုပ်နိုင်စွမ်းပါလျက် ငါ့လိုလူကို ဘာကြောင့် ပိုလို့မထွန်းပြောင်စေသင့်သလဲ။ စိတ်ထဲမှ ကြုံးဝါးပြီး ကင်မရာကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ ဖြုံသွားပြန်သည်၊ ကင်မရာမင်းအမျိုးသမီးကလည်း နည်းတဲ့ဟာကြီးမဟုတ်၊ ၀တုတ်ကြီး။
ကိုယ့်အလှည့်ပြီး ကျန်သူများကိုကြည့်ပြီး အားကျ၊ မနာလိုဖြစ်ရ၊ ဆည်းဆာနောက်ခံနှင့် အသက်အရွယ်စုံ စုံတွဲတွေ အမှတ်တရဓာတ်ပုံကို အမှတ်တရဖြစ်အောင် ရိုက်နေကြ၊ ဗလကောင်းသည့်ကပ္ပလီကြီးက သူ့ကပ္ပလီမလေး(အာဖရိကန်-အမေရိကန်ဟုခေါ်သင့်သည်)ကို စွေ့ကနဲပွေ့ချီပြီးမှ ကင်မရာဘက်လှည့်ပြီး ပြုံးပြလိုက်သည်။ ချစ်-ချက်။

ပြုံးပြုံးနှင့်ဓာတ်ပုံအရိုက်ခံပြီး အပြန်ကျမှထိတော့သည်။ အဲဒီဓာတ်ပုံအတွက် (လေးလက်မx ခြောက်လက်မတစ်ပုံ၊ ခြောက်လက်မxရှစ်လက်မတစ်ပုံနှင့် ပွဲတော်အကြောင်း ရှင်းလင်းထား သည့်စာအုပ်တစ်အုပ်) ဒေါ်လာ ၂၀ ထပ်ပေးရသည်။

ကိုယ်ကလည်း ဓာတ်ပုံရိုက်ပြီးနေပြီမို့ ဈေးကြီးမှန်းသိသော်လည်း ယူလိုက်ကြရသည်။ တချို့က ကိစ္စမရှိ၊ တချို့ကတော့ မပျော်တပျော် ဖြစ်သွားခဲ့သည်။ မောင်မောင်လည်း မပျော်တပျော်ထဲတွင် ပါသွားသည်။ သို့သော် အမှတ်တရမို့စိတ်ဖြေရသည်။ ခဏနေတော့လည်း ပြေသွားခဲ့သည်။ ချစ်-ချက်ချင်ဦးပေါ့။ ပေးသော စာအုပ်လေး၏မျက်နှာဖုံးတွင် စာသားလေးတစ်ကြောင်းရေးထားလိုက်သေးသည်။ Too Good to Miss “လွမ်းဖွယ်လွန်ကောင်း” တဲ့။ ဟုတ်ပ။

ပျော်စရာများနှင့်ည
ပါတီခင်းကျင်းရာ ပွဲခင်းတွင်းဝင်တော့ ပန့်ခ်ျအတွက် တန်းစီသူများပင် စီနေကြပြီ။ မောင်မောင်လည်း ၀င်တန်းစီပြီး ပန့်ခ်ျတစ်ခွက်ယူထားလိုက်သည်။ ပန့်ခ်ျသုံးခွက်သောက်နိုင်ရန် လက်မှတ်လေးသုံးစောင်ပေး
ထားသည်။ တစ်ခွက်အတွက် တစ်စောင်ဆုတ်ဖြဲပေးလိုက်ရုံ။

ပန့်ခ်ျက သိပ်မပြင်း၊ မိန်းကလေးအကြိုက် ခပ်ပျော့ပျော့ ပြေပြေလေး၊ ပြင်းပြင်းလိုချင်လျှင်တော့ နောက်ထပ် ၂ ဒေါ်လာထပ်ပေးရမည်။ တချို့ ကထပ်ပေးပြီး ပြင်းစေသည်။ မောင်မောင်ကတော့ တော်ပါပြီလေဟု စိတ်ထဲဖြစ်လိုက်သည်။ ဟုတ် တယ်လေ...ဒါရန်ကုန်မဟုတ်ဘူး။

မောင်မောင်က ပွဲခင်းအတွင်း ပါတီလာသူပရိသတ်တွေ တက်ကြွလှုပ်ရှားနေပုံတွေကို ပါလာသော အော်တိုကင်မရာလေးနှင့် ဓာတ်ပုံရိုက်သည်။ ပါတီလာသူတွေက အစုံ၊ မိသားစုအလိုက်လည်း လာကြသည်မို့ ကလေးလေးတွေလည်း ပါသည်။ တချို့ကလေးတွေက အလွန်ချစ်စရာ၊ ဟာဝိုင်အီက ပါတီပေမို့ပွဲလာကြသူ အမျိုးသား၊ အမျိုးသမီးကလေးပါမကျန် အများစုက ပန်းပွင့်မျိုးစုံ၊ အဆင်စုံဖြင့် ဟာဝိုင်အီပုံစံ၊ ကမ်းခြေပါတီတက်ပုံစံ ချုပ်လုပ်ထားသော ဟာဝိုင်အီဒီဇိုင်း ၀တ်စုံများဖြင့်။ မောင်မောင်အတွက်တော့ လှနေကြသည်သာ။ ချစ်-ချက်။

ခဏနေတော့ ဖျော်ဖြေရေး စသည်။ ပါတီစသည်ဟုလည်းဆိုသည်။ ခရုသင်းမှုတ်ပြီး ဘုရင်၊ မိဖုရားနှင့် နောက်ပါများ ညီလာခံဝင်လာကြသည်။ မောင်မောင်တို့ဆီက မင်းကြီးထွက်နှင့်တူသည်။ မင်းကြီးထွက်တော့ ပွဲစပြီပေါ့။ တရားဝင် အခမ်းအနားဖွင့်လိုက်ခြင်းဖြစ်သည်။
မင်းကြီးထွက်ပြီးတော့ ၀က်သားဖော်ကြသည်။ ဟာဝိုင်အီစတိုင်လ်ဝက်တစ်ကောင်လုံးကို နံ နက်ခင်းစောစောကတည်းက မြေကြီးထဲထည့်ပြီး ကင်ထားခြင်းဖြစ်သည်။ ၀က်ကို ရှင်းလင်းဆေးကြောပြီး သင့်တော်သည့် အရွက်များနှင့် လုံစွာပတ်ကာ အပူပေးထားသည့် ကျောက်တုံးကြီးများနှင့် မီးအုံထား ခြင်းဖြစ်သည်။ ရိုးရာဆန်သော ချက်ပြုတ်မှုဖြစ်သည်။

သမိုင်းကြောင်းလှန်လျှင်တော့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုနှင့်သွားချိတ်ဆက်နေသည်။ နတ်တို့ကြိုက်သော ပုံစံချက်ပြုတ်လိုက်ခြင်းဖြစ်သည်ဆို၏။
ဝက်ဖော်ပြီးတော့ ညစာစားကြသည်။ ဘူဖေးတန်းစီယူကြပြီ၊ စားကြ၊ သောက်ကြသည်။ ဖျော်ဖြေ ရေးအစီအစဉ်လည်းစပြီ။ ကကြ၊ ခုန်ကြသည်။ တက်ရောက်လာသူများ စိတ်ပါပြီး ကခုန်လိုပါကလည်း သင်ကြားပေးသည်။ အမျိုးသမီးနှင့် ကလေးငယ်များ စင်ပေါ်တက်ပြီး ကကြသည်။ သူတို့ပျော်ကြသည်။ အော် ဘ၀တွင်အမှတ်ရစရာ။ သူတို့ကြည့်ပြီး မောင်မောင်လည်း ပျော်သည်။ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့သည်။

ဟာဝိုင်အီဒေသခံ ရိုးရာအက၊ အလှ၊ အဆိုများသာမက အခြားသမုဒ္ဒရာတွင်း ကျွန်းနိုင်ငံများဖြစ်သော တဟီတီကျွန်းသူ လုံမပျိုတို့ အက၊ မောင်မောင်အကြိုက်ဆုံးအက ဖြစ်သည်။ ဆွဲကြိုးကြီးကြီး ဆွဲပြီး အလှဆင်ထားသော စကတ်ကို ၀တ်ဆင်ထားသဖြင့် လုံမပျိုတို့ သဘာဝနှင့်နီးပြီး လှချင်တိုင်း လှ နေကြတော့သည်။
နောက်တော့ နယူးဇီလန်ကျွန်းက ယဉ်ကျေးမှုဖြစ်သော ဘောလုံးကလေးများနှင့် စည်းချက်ညီကစားပြသည်။ အမျိုးသမီးများနှင့် ဘောကလေးများ၊ ချစ်စရာ။ ပြီးတော့ ဖီဂျီကျွန်းသားစစ်သည်တော်တို့ အကကိုကပြသည်။ စစ်သည်တော်ကြီးတို့က မြန်မာရှေးစာဆိုတို့ ရေးခဲ့သည့် ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာ။ မျက်နှာ တွင်တော့ အမေရိကန် မရိန်းတပ်သားတွေလို ဆေးအမည်ကြီးတွေ သုတ်ထားလိုက်သေးသည်။

ပွဲတော်တွင် နွှဲပျော်ခဲ့ရသည်များက ကျေနပ်စရာတွေချည်း ဖြစ်သည်။ ဆာမိုအာကျွန်းသားကြီး၏ မီးကစားကွက်က အလှဆုံးဖြစ်နေသည်။ ကြိုတင်ပြောထားသည့်အတိုင်း အသက်ရှူရမည်ကို မေ့ချင်စရာ။ မီးကိုစားပြသည်။ မီးနှင့်ကစားပြသည်။ အမှန်တော့ မီးကိုမဆော့သင့်၊ လောင်တတ်သည် မဟုတ်လား။
အပြန်ခရီးမှာလည်း ဂိုက်ကြောင့် မငိုက်ဘဲ ဟိုတယ်ပြန်ရောက်ခဲ့သည်။ လွမ်းစရာ့ ဟာဝိုင်အီခရီးပေတကား။

ဆောင်းပါးနှင့်ပတ်သက်ပြီး ဆောင်းပါးရေးသူအား တစ်စုံတရာမှတ်ချက်ပြု ဝေဖန်ပြောကြား ဖြည့် စွက်အကြံပြုလိုပါက myothahtet@gmail.com သို့ ရေးသားပြောဆိုနိုင်ပါသည်။

Friday, November 16, 2007

ပစိဖိတ်ဆူနာမီ သတိပေးစင်တာသို့
ဆူနာမီဟုကြားလျှင် အာရှသားတို့ ရင်ခုန်နေရဆဲဖြစ်သည်။ ၂၀၀၄ ဒီဇင်ဘာတွင်းက အိန္ဒိယသမုဒ္ဒရာတွင်း ငလျင်ပြင်းစွာလှုပ်ပြီး အင်ဒိုနီးရှားတွင် ထိခိုက်ပျက်စီးမှု အများဆုံး၊ ထိုင်းနှင့် သီရိလင်္ကာတွင်လည်း အသေအကျေ အပျက်အစီးများကာ၊ မြန်မာနှင့် နိုင်ငံတချို့ကို အဖျားခတ်ခဲ့သည့် ဆူနာမီကို အာရှသားတို့ ကြောက်ခဲ့ကြသည်။ ရွံ့ခဲ့ကြသည်။

၂၀၀၄ ဆူနာမီကြီးနောက်ပိုင်း ဆူနာမီနောက်တစ်ကြိမ်လာမည်ကို ကြောက်ခဲ့ကြသည်။ ဆူနာမီနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုတွေ လုပ်ကြသည်။ ကြိုတင်သတင်းပေး၊ သတိပေးနိုင်မည့် စင်တာတွေ ပိုမိုလုပ်လာကြသည်။ ယခင်ကထက်ပိုပြီး ငလျင်တွေကို အာရုံစိုက်လာကြသည်။ ငလျင်တစ်ခုလှုပ်သည်ဆိုသည်နှင့် မဂ္ဂနီကျု့ ဘယ်လောက်လဲ၊ ဘယ်လောက်ပြင်းသလဲဟု အရေးတကြီး အာရုံစိုက်ကြည့်လာရတော့သည်။

ဆူနာမီဆိုတာဘာလဲ
ဆူနာမီ (Tsunami) သည် ပင်လယ်၊ သမုဒ္ဒရာကြမ်းပြင်အောက် သို့မဟုတ် ကြမ်းပြင်အနီးတွင် ငလျင် ကြီး(မဂ္ဂနီကျု့ ၈ နှင့်အထက်) များ လှုပ်သောအခါ ပင်လယ်သမုဒ္ဒရာပြင်တွင် ရေလှိုင်းကြီးများ ဆက် တိုက်ဖြစ်ပေါ်လာပြီး၊ ယင်းရေလှိုင်းကြီးများက ကမ်းခြေများဘက်သို့ ရောက်ရှိလာတာ၊ ကမ်းခြေရှိလူများ၊ အိမ်များ၊ အဆောက်အဦများ စသည့်သက်ရှိ သက်မဲ့တို့ကို ဖျက်စီးစေနိုင်စွမ်းသောအရာဖြစ်သည်။

ရေအောက်တွင် တည်ရှိသော မီးတောင်များပေါက်ကွဲခြင်း၊ ရေအောက်ရှိ တောင်ကြီးများ ပြိုလဲ ခြင်းတို့ကြောင့်လည်း ဆူနာမီဖြစ်နိုင်သည်။ ပင်လယ်သမုဒ္ဒရာတွင်းတွင် ဆူနာမီရေလှိုင်းတို့ အရှိန်သည် တစ်နာရီကီလိုမီတာ ၈၀၀ (မိုင် ၅၀၀)အထိရှိသည်။ ယင်းအရှိန်သည် ကောင်းကင်တွင် ပျံသန်းသည့် ဘိုရင်းဂျက်လေယာဉ်ကြီးများ၏ အမြန်နှုန်းထပ်တူနီးပါးဖြစ်သည်။

ဆူနာမီရေလှိုင်းကြီးများ အမြင့်သည် ၁၀ မီတာ(ပေ ၃၀) ခန့်မှသည် ယင်းထက်ပိုမိုမြင့်မားနိုင်ပြီး၊ အလွန်ကြီးမားသော ဆူနာမီရေလှိုင်းများဆိုလျှင် မီတာ ၃၀ (ပေ ၁၀၀ ခန့်)အထိရှိနိုင်သည်။ ဆူနာမီရေလှိုင်း ၃ မီတာမှ ၆ မီတာ (၁၀ ပေခန့်မှ ပေ ၂၀ ခန့်) ရှိလာလျှင်ပင် လူအသေအပျောက်နှင့် ထိခိုက် ပျက်စီးမှုများစွာဖြစ်ပေါ်နိုင်သည်။

ဆူနာမီဖြစ်လျှင် ဒဏ်အခံရဆုံးမှာ ကမ်းရိုးတန်းတစ်လျှောကတွင် နေကြသူများဖြစ်သည်။ ရေလှိုင်းကြီးများက ကမ်းရှိရာသို့ ရောက်လာသောကြောင့်ဖြစ်သည်။ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ၂၀၀၄ ဒီဇင်ဘာက အိန္ဒိယသမုဒ္ဒရာတွင်း ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် လူပေါင်းသုံးသိန်းကျော် သေကြေပျက်စီးခဲ့သည်။ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည်။ လူပေါင်းတစ်သန်းကျော်နေထိုင်ရာ အိမ်ဂေဟာများ စွန့်ခွာထွက်ပြေးဆုံးရှုံးခဲ့ရသည်။

ဆူနာမီရေလှိုင်းတစ်ခုကြာချိန်သည် မိနစ်အနည်းငယ်မှ တစ်နာရီအထိကြာနိုင်ပြီး၊ တစ်ခါတရံ ထိုထက်လည်း ပိုနိုင်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်း အနောက်မြောက်ဘက် အိန္ဒိယသမုဒ္ဒရာတွင်း လှုပ်ခတ်ခဲ့ သော ငလျင်သည် ၉.၀ မဂ္ဂနီကျု့ ရှိပြီး၊ အာရှနှင့်အတူ ကမ္ဘာကြီးကို ခြောက်လှန့်ခဲ့သည်။ ပင်လယ် သမုဒ္ဒရာကြမ်းပြင်တွင် ငလျင်လှုပ်ခြင်းကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်နိုင်ပုံကို ဂရပ်ဖစ်ဖြင့် တင်ဆက်ထားသည်ကို ကြည့်ရှုနိုင်သည်။
ပင်လယ်ရေအောက်ကြမ်းပြင်တွင် ငလျင်လှုပ်ပြီး မြေလွှာကျောက်လွှာကြီးများ တွန်းထိုးရွေ့လျားသဖြင့် ဆူနာမီရေလှိုင်းများဖြစ်လာသည်။

ဆူနာမီဖြစ်လျှင် ဆောင်ရွက်ရမည့်ကိစ္စမှာ မသေအောင် မြင့်ရာလွတ်ရာသို့ ပြေးခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းက ထုတ်ပြန်ပေးသော စတစ်ကာ ကြော်ငြာကိုလည်း တင်ဆက်လိုက် ပါသည်။
ဆူနာမီရေလှိုင်း ကမ်းရောက်လာလျှင် သက်ရှိသက်မဲ့အရာဝတ္ထုအားလုံးကို ၀ါးမြိုမည်ဖြစ်သဖြင့် မြင့်ရာလွတ်ရာပြေးမှ အသက်ချမ်းသာရမည်။

ငလျင်ကြီးလှုပ်ပြီးလျှင် ဆူနာမီဖြစ်ပေါ်တတ်သည်။ (After an earthquake, a tsunami may follow) မြင့်ရာသို့ ပြေးပါလေ (Move quickly to higher ground) ဟု သတင်းစကား (message) ရေးသားထားသည်။

အံ့သြစရာလေ့လာရေးခရီး
ဆူနာမီဗဟုသုတရှိထားသော အယ်ဒီတာမှာ ကံကောင်းအကြောင်းလှသဖြင့် ဟာဝိုင်အီတွင်ရှိသော ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) PTWC သို့ အောက်တို ဘာ ၂၄ ရောက်ရှိသွားခဲ့သည်။

သာယာသော အောက်တိုဘာ နံနက်ခင်းတွင် ဆူနာမီသတိပေးစင်တာသို့ ရောက်ရှိခဲ့သော အယ်ဒီတာတို့အဖွဲ့ရောက်ပြီး မကြာမီမှာပင် အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းအနောက်တောင်ပိုင်းတွင် မဂ္ဂနီကျု့ ၇.၀ ရှိသော ငလျင်ကြီးလှုပ်ကြောင်း၊ စင်တာသို့ သတင်းဝင်ရောက်ခဲ့ရာ စင်တာတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။

အော်၊ အံ့သြစရာ လက်တွေ့၊ မျက်တွေ့လေ့လာရေး ခရီးပါတကားဟု စိတ်တွင် ကျေနပ် တွေးတွေးမိပြီး တစ်ပြိုင်နက်မှာပင် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများအတွက် ဆူနာမီအရေးနှင့်စပ်ပြီး ဘေးဖြစ်မည်လားဟု စိတ်ပူမိရသေးသည်။

မေးကြည့်တော့ ဘာမှမဖြစ်ပါဟု စင်တာမှတာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းပြောကြားရင်း ပြောပြသည်။ စိတ်မပူရန် ပြောကြသည်။ မလေးရှားနှင့် အငဒိုနီးရှားမှလာသော သတင်းစာဆရာနှစ်ဦးကမူ ချက်ချင်းပင် စင် တာမှနေ၍ မိခင်နိုင်ငံသတင်းဌာနများသို့ တယ်လီဖုန်းဆက်ခြင်း၊ ဖုန်းဖြင့် သတင်းတို (SMS) ပို့ခြင်းတို့ကို ဆောင်ရွက်ကြတော့သည်။

သတင်းစာဆရာမှာ သတင်းလာဘ်ကောင်းတော့ သတင်းကြီးနှင့် ထိပ်တိုက်လာတွေ့နေတာပလားဟု တွေးမိပြီး၊ ခေတ်မီဆက်သွယ်ရေးကိရိယာများသုံးကာ၊ အချိန်မဆိုင်းဘဲ အလုပ်လုပ်နေကြသော သူငယ်ချင်း သတင်းစာရာများကိုကြည့်ပြီး အားကျနေမိသည်။ အင်ဒိုနီးရှားတွင်ဖြစ်သော ငလျင်သတင်း၊ ငလျင်လှုပ်ပြီး ၁၀ မိနစ်ခန့်အကြာ စင်တာသို့ သတင်း ၀င်လာရာ စကရင်ပေါ်တွင် ပေါ်နေသည်ကို မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သည်ကို ဖော်ပြပါသည်။
စာရေးသူတို့ရောက်ခိုက် အင်ဒိုနီးရှားတွင် ငလျင်လှုပ်ရာ စကရင်ပေါ်တွင် အချက်အလက်များကို တွေ့မြင်နေရသည်။
စင်တာအကြောင်း သိကောင်းစရာ
ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) ကို ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖြစ်ခဲ့သော လူပေါင်း ၁၅၉ ဦး သေဆုံးခဲ့သည့်ဆူနာမီဖြစ်ပြီး နောက်တွင် စင်တာတည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စင်တာတည်ထောင်ပြီးနောက်တွင်လည်း အမေရိကနှင့် ကမ္ဘာတစ်ဝန်းတွင် ဆူနာမီများ များစွာ ဖြစ်ခဲ့ပြီး၊ ၂၀၀၄ အာရှဆူနာမီမှာ ကြောက်စရာအလွန်ကောင်းသည်။

စင်တာမှာ အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Department of Commerce) အောက်တွင် တည်ရှိသော်လည်း၊ စင်တာမှရရှိသော သတင်းအချက်အလက်များကို ကမ္ဘာတစ်ဝန်းမှ နိုင်ငံများရှိ မိုးလေ၀သစင်တာများသို့ အခမဲ့သတင်းအချက် အလက်များ ပေးပို့ခြင်းဖြစ်သည်။

စင်တာသည် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပျက်နေသော ငလျင်သတင်းများနှင့် အခြား ဆူနာမီဆိုင်ရာသတင်းများကို ၂၄ နာရီအပြည့် အဆိုင်းသုံး ဆိုင်းခွဲ၍ စောင့်ကြည့်ရယူလျက်ရှိသည်။ ရရှိသော သတင်းများကိုလည်း အချိန်နှင့် တစ်ပြေးညီစဉ်းစားသုံးသပ်၍ သက်ဆိုင်ရာမိုးလေ၀သစင်တာများသို့ ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းမှ ဖြစ်ပျက်ခဲ့သော ငလျင်သတင်းများကို ရယူရာတွင်လည်း နည်းစနစ်တစ်ခုတည်းဖြင့် ရယူခြင်းမဟုတ်ဘဲ၊ နည်းစနစ်သုံးလေးမျိုးဖြင့် ရယူဆောင်ရွက်နေကြောင်း စင်တာမှတာဝန်ရှိသူများက ရှင်းပြခဲ့သည်။
စင်တာမှ စနစ်တစ်ခုဖြင့် ငလျင်သတင်းကို ဖမ်းယူမည်ဆိုပါက ကမ္ဘာအရှေ့ခြမ်းမှ ဖြစ်ပျက်သော ငလျင်ကိုကမ္ဘာ့အနောက်ခြမ်းမှသိရန် အချိန်မိနစ် ၂၀ အထိကြာ မြင့်နိုင်ကြောင်း သိခဲ့ရသည်။

ငလျင်မှဆူနာမီသို့
ပစိဖိတ်ဆူနာမီ သတိပေးစင်တာ၏ အဓိကလုပ်ဆောင်ရမှုမှာ ဆူနာမီနှင့် ပတ်သက်သော သတင်းများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ မိုးလေ၀သစင်တာများ သတင်းကြိုတင်ရရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဆူနာမီဖြစ်ပွားနိုင်သည့် နေရာပတ်ဝန်းကျင်နေ ပြည်သူများအား ဘေးကင်းရာလွတ် ရာပြောင်းရွှေ့နေထိုင်နိုင်ရေး နှိုးဆော်နိုင်ရန် ပေးပို့ရခြင်းဖြစ်သည်။


ထိုသို့ သတင်းများပေးပို့ရာတွင်လည်း သေချာစွာအကြိမ်ကြိမ် တွက်ချက်ပြီးမှ ပေးပို့ရခြင်းဖြစ်သည်။ ကြိုတင်သတိပေးပြီး ဆူနာမီအရိပ်အရောင်လေးတောင်မှ မတွေ့ခဲ့ရလျှင် နောက်အကြိမ်များ၌ ထိုသို့ သတိပေးပါက ဒေသခံမိုးလေ၀သစင်တာများနှင့် ပြည်သူများ၏ ဆူနာမီကြိုတင်အသိပေး သတင်းအပေါ်ယုံကြည်မှု လျော့နည်းမည်ဖြစ်သည်။

မကြာမီလပိုင်းက ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ဆူနာမီသတိပေးသတင်းဝင်ရောက်ခဲ့သော်လည်း မည်သည့်ဆူနာမီမှ မဖြစ်ခဲ့သည်ကို သတိထားမိသည်။

ဆိုရသော် ဆူနာမီသတိပေးစင်တာ၏ ခန့်မှန်းဆောင်ရွက်ရသည့် တာဝန်၊ ဆုံးဖြတ်သတင်းပို့ရသည့်တာဝန်မှာ ကြီးမားပါသည်။ တစ်ချက်လွဲချော်ခဲ့ရုံမျှဖြင့် ယုံကြည်မှု မဲ့နိုင်သလို၊ သတင်းရရှိသူများအနေနှင့်လည်း ပေါ့ပေါ့နေခဲ့ပြီး မယုံကြည်ခဲ့ပါက တကယ်ဆူနာမီဖြစ်လာသောအခါ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးသွားမည်ဖြစ်သည်။

ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်ပြင်းအား မဂ္ဂနီကျု့(ငလျင်တိုင်းတာသည့် ယူနစ်) အလိုက် မိုးလေ၀သစင်တာများသို့ သတင်းပေးမှုအဆင့်များခွဲခြားထားသည်။ ငလျင်ပြင်းအား မဂ္ဂနီ ကျု့ ၆.၅ အောက်ငယ်ပါက သာမန်ငလျင်သတင်း (Earthquake Message only) သာ ပေးပို့ပြီး၊ ငလျင်ပြင်းအား မဂ္ဂနီကျု့ ၆.၅ မှ ၇.၅ အထိ ဖမ်းယူရရှိပါက ဆူနာမီသတင်းပေးထုတ်ပြန်ချက် (Tsunami Information Statement) ပေးပို့သည်။

ငလျင်ပြင်းအား မဂ္ဂနီကျု့ ၇.၆ မှ ၇.၈ ဖြစ်မှန်းသိလျှင်တော့ ဒေသဆိုင်ရာဆူနာမီသတိပေးချက်(Regional Tsunami Warning)် ထုတ်ပြန်ပေးသည်။ နောက်ပိုင်းတွင်လည်း ဆက်တိုက် တယ်လီဖုန်းဆက်သွယ်၍ ဆူနာမီ သတင်းပေးမှု (tele-tsunami) များကို ပြုလုပ်ပေးသည်။

ငလျင်ပြင်းအား ၇ မဂ္ဂနီကျူ့ အဆင့်သတင်းရရှိပါက အခြေအနေအေးသွားမည့်အချိန် (နောက်ထပ် ၃ နာရီကျော်) အထိ စဉ်ဆက်မပြတ်စောင့်ကြည့်နေကြကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

ငလျင်ကြီးတစ်ကြိမ် လှုပ်ပြီးလျှင်တော့ သာမန်အားဖြင့် သုံးလခန့်မှ နှစ်ပေါက်သည်အထိ နောက်ထပ်ကြီးကြီးမားမား ငလျင်မျိုး မတွေ့ရတတ်ကြောင်း သိရသည်။
မဂ္ဂနီကျု့ ၇ ခန့် ပြင်းအားရှိသော ငလျင်မျိုးကိုတော့ ၁၀ ရက် တစ်ကြိမ်၊ ၁၅ ရက်တစ်ကြိမ် ဖမ်းယူရရှိကြောင်း ပြောကြသည်။

ငလျင်ကြီးတစ်ကြိမ် လှုပ်ပါက စင်တာသို့ ငလျင်လှုပ်ရာ ဒေသခံများ၊ မိုးလေ၀သစင်တာများနှင့် သတင်းဌာနများက ဖုန်းခေါ်ဆိုမှု ရာနှင့်ချီ၍ ၀င်တတ်ကြောင်း စုံစမ်း သိရသည်။

ဆောင်းပါးနှင့်ပတ်သက်၍ ဝေဖန်ဖြည့်စွက်လိုက myothahtet@gmail.com သို့ ပြောပါ၊ ရေးပါ။

Thursday, November 15, 2007

မမှန်တာ မပြောဘူး

မူလက ဆောင်းပါးခေါင်းစဉ်ကို အမှန်ပြောပြမယ်လို့ ပေးချင်ခဲ့တာပါ။ လူဆိုတာ အတ္တရှိတဲ့ သတ္တ၀ါပေမို့ အမှန်ပြောတာတောင် မှန်တော့မှန်တယ်၊ နည်းနည်းပိုပြောလိုက်တယ်ဆိုတာမျိုး မဖြစ်ရလေအောင် မမှန်တာ မပြောဘူးဆိုပြီး ခေါင်းပြောင်းတပ်လိုက်တာပါ။

တလောက အမေရိက ရောက်တယ်။ တကယ်တော့ မြန်မာတစ်ယောက် အမေရိကရောက်တာ မဆန်းပါဘူး။ အမေရိက ရောက်တဲ့ မြန်မာအများကြီးပါ။ အကြောင်းအမျိုးမျိုးနဲ့ အမေရိကမှာ နေထိုင်နေကြတဲ့ မြန်မာတွေ လည်း ဒုနဲ့ဒေး။ တချို့ဆို မြန်မာပြည်ပေါက် အမေရိကန်တောင် ဖြစ်နေပြီ။

ဆိုချင်တာက မြန်မာတစ်ယောက် အမေရိကရောက်ပြီး မြန်မာပြည် ပြန်ရောက်လာတော့ ဘယ်လိုခံစားရလဲ၊ ဘာတွေတွေ့ခဲ့ရလဲ၊ ဘာတွေပြန်ပြောပြချင်လဲလို့ မေးလာကြတော့ တစ်ခုခုပြောချင်လာတယ်။ အဲဒီမှာ အထက်က ဆိုခဲ့သလို အမှန်ပြောပေမယ့် ပိုပြောသလို မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ် (self censor) လို့ ပြောပြလိုက်ရပါ တယ်။ ခံစားတွေးတော ဝေဖန်ကြပါဦး။

မထူးဆန်းပါဘူး
ဟောလီးဝုဒ်ရုပ်ရှင်တွေ ကြည့်တတ်၊ ကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ အမေရိကဟာ သိပ် ကြီးမထူးဆန်းခဲ့ပါဘူး။ ရုပ်ရှင်တွေထဲကနေ ရင်းနှီးနေခဲ့ရတဲ့၊ မြင်နေခဲ့ရတဲ့ နေရာတွေ၊ လူတွေနဲ့အပြင်မှာ တကယ်ရောက်ချင်၊ တွေ့ချင်၊ ခံစားကြည့်ချင်တာကတော့ အိပ်မက်တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီအိပ်မက်ကို မက်ရင်း အလုပ်လုပ်ပြီး စောင့်ရတယ်။ ကံတရားနဲ့ အလုပ်ပေါင်းစည်းမိပြီး အချိန်ရောက်လာချိန်မှာတော့ အိပ်မက်ဟာ လက်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်အမေရိက ရောက်ခဲ့တယ်။ ရုပ်ရှင်ထဲမှာ တွေ့ခဲ့တဲ့ နေရာတွေ၊ မြင်ခဲ့ရတဲ့ လှုပ်ရှားမှုတွေကို တကယ်ရောက်ခဲ့တယ်၊ မြင်ခဲ့ရတယ်။

အမေရိကရဲ့ အစိုးရရုံးစိုက်ရာ၊ သမ္မတနေထိုင်တဲ့ အိမ်ဖြူတော်တည်ရှိရာ၊ လွှတ်တော်နှစ်ရပ် လုပ်ငန်းဆောင်ရွက်ရာ ကတ်ပီတယ်ဟေးလ်ရှိတဲ့ ၀ါရှင်တန်ဒီစီရောက်တော့ ရုပ်ရှင်တွေထဲမှာ တွေ့သလိုပါပဲ၊ လူတွေဟာ စမတ်ကျနေကြတယ်၊ ပြောဆိုလုပ်ကိုင် လှုပ်ရှားမှုတွေဟာ မြန်ဆန်တိကျ သပ်ရပ်နေကြတယ်။ အချိန်ဟာ သိပ်တန်ဖိုးရှိနေကြတယ်။ အပြေးအလွှားပါပဲ။
မြို့တော်ဝါရှင်တန်ဒီစီရှိ အမေရိကန် သမ္မတနေထိုင်ရာ အိမ်ဖြူတော်(နောက်ကျောဘက်)အား ခြံစည်းရိုးမှ အနီးကပ်မြင်ကွင်း

ဝါရှင်တန်ဒီစီမှာ သူတို့လို စီးမျောပျော်ဝင်နိုင်ဖို့ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ပုံမှန်လှုပ်ရှားနေထိုင်တဲ့ ပုံစံကို နှစ်ဆသုံးဆတိုးမြှင့်လိုက်ရတယ်။ ဦးနှောက်ဟာ အပူတွေများစွာထွက်အောင်၊ မီးခိုးအူအောင် အလုပ် လုပ်လိုက်ရတယ်။

မြန်မာတွေမှာ လိုက်ပါတိုးဝင်နိုင်တဲ့ အစွမ်းရှိတာကိုတော့ လွန်ခဲ့တဲ့ ခြောက်နှစ်က အရှေ့တောင် အာရှလေးနိုင်ငံကို ရောက်ရှိခဲ့ဖူး၊ လှုပ်ရှားသွားလာခဲ့ဖူးပြီးဖြစ်တဲ့ ကျွန်တော်သတိပြုမိခဲ့ပြီး ဖြစ်တယ်။

မြန်မာတွေမှာ အစွမ်းရှိတယ်။ ပညာရေးအခြေခံကောင်းကောင်း၊ အကူအညီအထောက်အပံ့ ကောင်းကောင်း၊ မူဝါဒကောင်းကောင်းတွေနဲ့ လှုပ်ရှားလုပ်ကိုင်သွားမယ်ဆိုရင် မျိုးဆက်တစ်ခုအတွင်း(အနှစ် ၂၀ ကာလအတွင်း)မှာ အာဆီယံပထမငါးနိုင်ငံထဲမပါရင်တောင် ဒုတိယငါးနိုင်ငံရဲ့ ဒုတိယနိုင်ငံ (ဗီယက်နမ်ရဲ့ နောက်နိုင်ငံ)အဖြစ်တော့ ရောက်နိုင်တယ်လို့တော့ တွေးမိတယ်။

အမေရိက ဒီကနေ့အခြေအနေ ရောက်နေတာ တကယ်တော့ မထူးဆန်းပါဘူး။ စနစ်က ကောင်းတယ်၊ လူတွေထဲမှာ အများစုက စည်းကမ်းဥပဒေကို လေးစားလိုက်နာတယ်၊ ကျင့်ဝတ်ကို စောင့်ထိန်းတယ်။ မလိုက်နာတဲ့သူ၊ မစောင့်ထိန်းတဲ့ လူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးတယ်၊ ကိုင်တွယ်နှိမ်နင်းဖြေရှင်းပစ်တယ်။

တန်းစီရမယ့်နေရာ တန်းစီရတယ်၊ ကျော်လို့ ခွလို့မရဘူး၊ အော်လို့ ဆူလို့မရဘူး။ တန်းမစီဘူး၊ ကြားဖြတ်မယ်ဆိုတဲ့ လူကို အော်ဟစ်ရှုတ်ချတယ်၊ မျက်စောင်း ထိုးတယ်၊ ၀ိုင်းပယ်ဆုံးမတယ်။

အမေရိကဟာ လွတ်လပ်တယ်၊ လူ့ အခွင့်အရေး အပြည့်အ၀ရတယ်၊ လူတစ်ဦးချင်းရဲ့ မွေးရာပါအခွင့်အရေး အပြည့်အ၀ပေးတယ်ဆိုပေမယ့် အမေရိကန်တွေဟာ စည်းနဲ့ကမ်းနဲ့ နေထိုင်ကြတယ်၊ စိတ် ရှည်သည်းခံနိုင်ကြတာကို တွေ့ရတယ်။ တော်တဲ့သူကို နေရာပေး တယ်၊ ချီးမြှင့်မြှောက်စား ထောက်ပံ့ကြတာ တွေ့ရတယ်။

တကယ်တော့ အခွင့်အရေးနဲ့ တာဝန်ဆိုတာ တွဲစပ်နေတာ ဖြစ်တယ်။ ရထားလမ်းမျဉ်းပြိုင်လိုပဲ၊ ရေနဲ့ကြာလိုပဲ ယှဉ်တွဲထောက်ကူ ပံ့ပိုးနေတာ ဖြစ်တယ်။ အခွင့်အရေးချည်းပဲယူလို့မရဘူး၊ တာဝန်လည်း ထမ်းကြရမယ်။ တာဝန်ချည်းပဲ ထမ်းနေရမှာ မဟုတ်ဘူး၊ အခွင့်အရေးလည်း ရကြရမယ်။

အခွင့်အလမ်းနဲ့ ကျော်ကြားထင်ရှားမှုဆိုတဲ့ ကြာပန်းရနံ့ကို ရဖို့ ကြည်လင်သန့်စင်တဲ့ ရေဖြည့်ဆည်း (ကျေပွန်စွာတာဝန်ထမ်း)ရမယ်။

လုပ်ကြံခံလိုက်ရတဲ့ အမေရိကန်သမ္မတကနေဒီ ပြောခဲ့ဖူးတယ်။ တိုင်းပြည်က ခင်ဗျားတို့ကို ဘာလုပ်ပေးမှာလဲ မမေးပါနဲ့တဲ့၊ ခင်ဗျားတို့က တိုင်းပြည်အတွက် ဘာလုပ်ပေးမလဲဆိုတာကို ပြောပါ တဲ့။

“Ask not what your country can do for you, but what you can do for your country”
- President John F. Kennedy
မြို့တော်ဝါရှင်တန်ဒီစီရှိ လင်ကွန်းအမှတ်တရအဆောက်အဦမှ လွတ်လပ်ရေးကျောက်တိုင်သို့ လှမ်းမြင်ရသော မြင်ကွင်း

အမေရိကရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ခိုင်မာလွန်းတာမို့ ဒီမိုကရက်ပဲတက်တက်၊ ရီပတ်ဘလေကန်ပဲ တက်တက်၊ ဘယ်လူပဲ သမ္မတလုပ်လုပ် အဆင်ပြေနေနိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာလည်း အချိန်ကာလ အများကြီးပေးပြီး တည်ဆောက်ယူခဲ့တာ ဖြစ်ပါတယ်။

ခိုင်မာပြီး အမှားနည်းတဲ့ စနစ်ရယ်၊ ထက်မြက်တဲ့ခေါင်းဆောင်တွေရယ်၊ စည်းကမ်းလိုက်နာတဲ့ နိုင်ငံရေးသမားရယ်၊ အရည်အချင်းရှိတဲ့ နယ်ပယ်စုံကျွမ်းကျင်သူတွေရယ်၊ ညီညွတ်ပေါင်းစည်း လုပ်ကိုင်နိုင်မှုတွေရယ် စတာတွေကြောင့် အမေရိကဒီလိုဖြစ်တာဟာ မထူးဆန်းပါဘူး။

ဒါတောင် လက်ရှိသမ္မတဘုရှ်ရဲ့ အာဖဂန်၊ အီရတ်စစ်ပွဲလုပ်ကိုင် ဆောင်ရွက်ချက်တွေနဲ့ နိုင်ငံတကာ ရေးရာတွေအပေါ် ပါဝင်ဆောင်ရွက်မှုတွေ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်နဲ့ သဘောထားတွေ၊ နိုင်ငံခြားရေးမူဝါဒတွေကြောင့် ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်ပြစ်တင်မှုတွေ၊ တိုက်ခိုက်ခံရတာတွေကို သတင်းတွေမှာ တွေ့နေကြားနေကြရပါတယ်။

နတ်ပြည်ကြီးလို့ ဆိုရပေမယ်
အမေရိကကို ၁၀ ရက်ကြာ လေ့လာရေးသွားခဲ့ရာမှာ မြို့ကြီးသုံးမြို့ကိုရောက်ခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ၊ ဆီယက်တဲလ်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဟိုနိုလူလူ၊ ဟာဝိုင်အီတို့ပဲ ဖြစ်ပါတယ်။

ဆီယက်တဲလ်ကို ရောက်တော့ ညပိုင်းဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီကနေ ဆီယက်တဲလ်(အရှေ့ဘက်ကနေ အနောက်မြောက်ဘက်)မိုင် ၂၃၀၀ ကျော်ခရီးကို လေယာဉ်နဲ့ ငါးနာရီလောက်စီးရတယ်။

လေယာဉ်ပေါ်အိပ်လာခဲ့ပြီး ဆီယက်တဲလ်လေယာဉ်ကွင်းအဆင်းမှာမှ အိပ်ရာကနိုးတာမို့၊ လေ ယာဉ်ပြတင်းဘေးထိုင်လိုက်(အိပ်လိုက်)လာသူ ကျွန်တော်က အပြင်ဘက်ကြည့်လိုက်တော့ လန့်သွားပါတယ်။ ရုတ်တရက် လေယာဉ်အတွင်းဘက်ကို မျက်နှာပြန်လှည့်ပြီး ပြူးကြောင်ကြောင် ပြန်ကြည့်ဖြစ်ပါတယ်။
စိတ်ထဲလည်း တစ်မျိုးခံစားရပြီး အူကြောင်ကြောင် ဖြစ်သွားပါတယ်။ အိပ်မက်လိုလို၊ ဘာလိုလို ခံစားရပါတယ်။

အဲဒီအချိန် စက္ကန့်ပိုင်းလေးအတွင်း ကျွန်တော်တကယ် ထင်သွား ခံစားလိုက်ရတာကတော့ ကျွန်တော်နတ်ပန်းရထားလေးစီးပြီး နတ်ပြည်ရောက်သွားတာပါပဲ။ ရှိန်ရှိန်ညီးညီး တောက်ပပြိုးပြက်တဲ့ တာဝတိံသာ(မရောက်ဖူးပါ၊ လူကြီး မိဘများပြောပြသော ပုံပြင်များနှင့် သီတင်းကျွတ်ကာလတွင် မြတ်စွာ ဘုရားတာဝတိံသာမှ လူ့ပြည်သို့ ပြန်လည်ကြဆင်းလာသည်ဟု မှတ်သားထားဖူးသောကြောင့်) မှာ နတ်သားလေးကျွန်တော်။

ဆီယက်တဲလ်ညခင်းကို လေယာဉ်ပေါ်က ကြည့်တဲ့အခါ စူးရှ လင်းလက်နေတဲ့ မြို့ကြီးကို မျက်စိ တစ်ဆုံး(တကယ်တော့ မဆုံးသေးပါဘူး၊ မြင်ရတဲ့ဘောင်က ဆုံးသွားလို့ပါ) မြင်နေရပါတယ်။ အဝေးကြီးက လှမ်းကြည့်တာတောင် မျက်စိစူးသွားစေတာမို့ ရုတ်တရက် ဆက်မကြည့်နိုင်တော့ဘဲ လေယာဉ်အတွင်းဘက် ပြန်လှည့်လိုက်ရတာ ဖြစ်ပါတယ်။
ဟာဝိုင်အီရှိ တိုက်အမြင့်တစ်ခုပေါ်မှ မြင်ကွင်း(တိုးတက်သည့် မြို့တော်ကြီးပင်လျှင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လုပ်လုပ်ကိုင်နေရဆဲ ဖြစ်သည်။)

ဝေးလံခေါင်သီတဲ့ ယခင်မြန်မာကျေးလက်က တောသားသူငယ်လေး ရန်ကုန်ရွှေမြို့တော်ကြီးဆီ ခေါ်ငင်ခံရလို့ ရုတ်တရက်ရောက်ရှိလာခဲ့ပြီး နဖူးတွေ့၊ ဒူးတွေ့ တွေ့မြင်ရတဲ့အခါ ထိတ်ပျာခဲ့သလိုမျိုး၊ မြို့ရွှေရန်ကုန်မှာ မွေး၊ မြို့ရွှေရန်ကုန်မှာကြီး၊ မြို့ရွှေရန်ကုန်မှာ ပညာရည်နို့သောက်စို့ ခဲ့သူ ကျွန်တော့်ကို ဆီယက်တဲလ်ညခင်းက ထိတ်ပျာစေခဲ့တာတော့ အမှန်ပါပဲ။

သို့ပေမယ့်လည်း မြန်မာပီပီ မြန်မာဆီကလာခဲ့သူမို့ ချက်ချင်းပဲ ဣနြေ္ဒသိက္ခာကို ထိန်းလိုက်ပြီး၊ မအံ့သြသလို၊ မထိတ်ပျာခဲ့သလို အိုက်တင်ဖမ်းလို့ နေနှင့်ဦးပေါ့ကွာ၊ နောက်တော့ ငါတို့လည်း မင်းတို့လို ဖြစ်စေရမပေါ့ကွာလို့ တွေးရင်း မအီမလည်နဲ့ လေဆိပ်က ထွက်ခဲ့ပါတော့တယ်။

ကိုယ့်တာဝန်ကိုယ်ယူရသည့် လူ့အဖွဲ့အစည်း
အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာပါ၊ ပြည်နယ်တွေဆိုတာလည်း မြို့တော်တွေ၊ စီရင်စုတွေနဲ့ ဖွဲ့စည်းထားတာပါ။ မြို့တော်တွေ၊ စီရင်စုတွေကိုလည်း ရပ်ကွက်တွေ၊ လမ်းတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီရပ်ကွက်တွေ၊ လမ်းတွေကို အိမ်ထောင်စုတွေ၊ မိသားစုတွေနဲ့ ဖွဲ့စည်းပါတယ်။ မိသားစုကိုတော့ လူတစ်ဦးချင်းစီ (individuals) နဲ့ ဖွဲ့စည်းထားပါတယ်။

အဲဒီတော့ အမေရိကဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများနဲ့ မခြားနားပါဘူး။ မထူးခြားပါဘူး။ ထူးခြားတာတစ်ခုကို တွေ့တာက နိုင်ငံသားတွေ(အမေရိကန်တွေ)ဟာ ကိုယ့်တာဝန်ကို ကိုယ်ယူကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အမေရိကကို ကိုယ့်တာဝန်ကိုယ်ယူကြတဲ့ လူ့အဖွဲ့အစည်းကို ခေါ် နိုင်ပါတယ်။

လူမမယ် ကလေးအရွယ်ကနေ သက်ကျားအို(ကွယ်လွန်ခါနီးအထိ) ကိုယ့်ခြေပေါ်ကိုယ်ရပ်၊ ကိုယ့်တာဝန်ကိုယ်ယူကြတာကို တွေ့ရပါတယ်။ လူကြီး၊ မိဘ၊ ဆရာ သမား၊ သားသမီး၊ တူ၊ တူမ၊ တပည့်၊ သူငယ်ချင်း၊ မိတ်ဆွေ စသဖြင့် အပြန်အလှန်ကူညီစောင့် ရှောက်ရိုင်းပင်မှုဆိုတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်တာဝန်ကိုယ်ယူကြတာ များကြပါတယ်။

လူ့အသိုင်းဝိုင်း(လူ့လောက) ထဲက လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမေရိကမှာလည်း လူ့ယဉ်ကျေးမှု၊ ကူညီမှု၊ ရိုင်းပင်းမှုတော့ ရှိတာပါပဲ၊ မိဘနဲ့သားသမီး နွေးထွေးမှု၊ ဆရာနဲ့တပည့်စောင့်ရှောက်မှုတော့ ရှိတတ်ကြတာပဲ။

လူတစ်ဦးချင်း အခွင့်အရေးအပြည့်အ၀ပေးထား (ရယူ)ကြသလို၊ အဲဒီလူတစ်ဦးချင်း ပေါင်းပြီး အဖွဲ့အစည်းတွေကို အောင်မြင်စွာ တည်ထောင်လုပ်ကိုင် လှုပ်ရှားနေကြတာကိုလည်း တွေ့ရပါတယ်။ ဆိုချင်တာက လူတစ်ဦးချင်းအခွင့်အရေး(individual right)ကို ဦးစားပေးသော်လည်း စည်းလုံးညီညွတ်မှု (Unity) က မလွတ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အမေရိကဟာ ဒီကနေ့ကမ္ဘာ့နံပါတ် ၁ နိုင်ငံအဖြစ် နေရာတိုင်းမှာရှိနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက်ကတော့ တော်တဲ့သူဆီက တော်တာ ကောင်းတာ ယူကြည့်၊ ညှိ၊ သုံး။ လက်ခံနိုင်ရင်၊ ကောင်းရင်၊ လက်ခံ ကျင့်သုံး၊ ကိုယ်နဲ့မညီရင်၊ မကြိုက် ရင် ပယ်၊ ဖယ်ရှားလိုက်ပေါ့။ ဘယ်လူမှ အပြစ်ကင်းတဲ့လူ (Nobody is Perfect) မဖြစ်နိုင်သလို ဘယ်နိုင်ငံကမှလည်း စင်းလုံးချော ကောင်းနေမှာ မဟုတ်ပါဘူး။

ကောင်းတာကို ယူကြည့်၊ သင်ခန်းစာအဖြစ် အသုံးချ၊ အကောင်အထည်ဖော်ပြီး၊ မကောင်းတာ၊ ရလဒ်ဆိုးကို ဝေဖန်စစ်ကြောပြီး ပယ်ဖယ်ရှားရမှာ ဖြစ်ပါတယ်။

အမှန်တော့ ကျွန်တော်တို့အိပ်မက် (Dream) ၊ အလုပ် (Work) ၊ အချိန်ကိုက် (Timing) လို့ ကံစွက် (Luck) တဲ့အခါ ဆန္ဒတွေပြည့်ဝ (Fulfill Desire) ကြမှာ ဖြစ်ပါတယ်။

လမ်းမှန်တွေ့ရင်တော့ လမ်းဆုံးပန်းတိုင်ကို မလွဲမသွေ ရောက်ကြမှာပဲ ဖြစ်ပါတယ်။ ကိုယ်မှန်တယ်ဆိုပြီး စွတ် ပြောနေမယ့်အစားမမှန်တာမပြောဘဲ ညီညွတ်စွာပေါင်းစည်း လုပ်ကိုင်ကြမယ်ဆိုရင် ဘယ်အရာမှ မထူးဆန်းပါဘူးလို့ပဲ ပြောချင်တာပါပဲ။

မမှန်တာ မပြောကြရင် အမှန်တွေနဲ့နီးလာပြီး အားလုံးပေါင်း စပ်တည်ဆောက်လုပ်ကိုင်ကြလို့ ပျော်ရွှင်ကြရမှာပဲ ဖြစ်ပါတယ်။
စာရေးသူအား ဝေဖန်ပြောကြား ဖြည့်စွက်လိုပါက myothahtet@gmail.com သို့ ပြောပါ။ ရေးပါ။

Vietnam War Memorial Park, Washington, DC.

At Foreign Press Center.

Sunday, November 11, 2007




I was in front of Capitol Hill.

I was in front of The White House, actually its back side of White House. I was there on Oct 15, 2007.
At Nation Press center, I just saw it at TV before I have been there.
At Dupont Circle Station, actually I was going down, but I took photo which look like I was going up.

At Dupont Circle, Washington, DC. They were playing chess.
At Washington, DC on Oct 14, 2007.
This was first ever photo which I took in downtown of Washington, DC on Oct 14, 2007.

I was on Taxi on Oct 14, 2007 heading to down of Washington, DC. I took very long flight from Japan.

On Oct 13 night at suvarnabhumi airport Bangkok, I was so excited to go to America. This was my third time to go abroad.

Saturday, November 10, 2007

My way to Washington, DC. I had to transit at Bangkok Airport on Oct 13, 2007.