Sunday, November 18, 2007

ဟာဝိုင်အီသို့ အလည်တစ်ခေါက်

မောင်မောင်တစ်ယောက် မကြာမီက ဟာဝိုင်အီသို့ အလည်တစ်ခေါက်ရောက်ခဲ့သည်။ ဟာဝိုင်အီဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းစုတန်းလေး၊ အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု။

ပင်လယ်ကမ်းခြေများနှင့် အဆို၊ အကအစရှိသည့် သီးသန့်တစ်ဘာသာယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်များကို ဆွဲဆောင်သည့်မြို့တော် ဟိုနိုလူလူသို့ မောင်မောင်တို့ အောက်တိုဘာစတုတ္ထပတ်က ရောက်ခဲ့ကြသည်။

ဟာဝိုင်အီသည် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဟုဆိုသော်လည်း လူဦးရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်က အာရှမှ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်သည်။ ဂျပန်တို့က အများဆုံး၊ ဖိလစ်ပိုင်နှင့် တရုတ်တွေ၊ ခြားအာရှသားတွေလည်း အများသား။

ဂျပန်နှင့် ဟာဝိုင်အီပျံပြေးသည့် United Airlines လေယာဉ်ပေါ်မှာကတည်းက ခရီးသည်များ သိမှတ်စရာ ကြေညာစရာများကို အင်္ဂလိပ်ဘာသာအပြင် ဂျပန်ဘာသာနှင့်ကြေညာသည်။ ခရီးသည်ရာခိုင်နှုန်း တော်တော်များများကလည်း ဂျပန်များသာ။ ဂျပန်တို့က ဟာဝိုင်အီကို ချစ်ကြသည်၊ လည်ကြသည်။

ကမ်းခြေများနှင့်မြို့
ဟာဝိုင်အီတွင် အဓိကကျွန်းကြီး ငါးကျွန်းရှိသည်။ မြို့တော် ဟိုနိုလူလူရှိသည့် ကျွန်းက တစ်ကျွန်း၊ အဲသည်ထက်ကြီးသည့် ကျွန်းကြီးလည်းရှိသေးသည်။ Big Island ဟု ခေါ်သည်။ ဟိုနိုလူလူမှာတော့ ၀ီကီကီကမ်းခြေ (WAIKIKI) က နာမည်ကြီးသည်၊ အစည်ကားဆုံးဖြစ်သည်။
ဟာဝိုင်အီတွင် သိထားသင့်သည့် စကားနှစ်ခွန်းရှိသည်။ Aloha နှင့် Mahalo။ Aloha က နှုတ်ခွန်းဆက်သည့် စကား၊ Mahalo က ကျေးဇူးတင်ကြောင်း ပြောသည့်စကား၊ အဲဒီစကားတွေပြောလျှင် ဟာဝိုင်အီကျွန်းသား တွေက ပြုံးပြုံး ပြုံးပြုံးနှင့်။ ကျွန်းသားတွေပီပီ ညိုညိုလုံးလုံး ဖြီးဖြီးထွားထွား ညက်ညက်စိမ့်စိမ့်တွေလည်း တွေ့ရသည်။

ဟာဝိုင်အီတွင်ပါတီသွား
ဟာဝိုင်အီရောက်လျှင် ယဉ်ကျေးမှုကို အမိအရ ဖမ်းဆုပ်ခံစားနိုင်ရန် သွားသင့်သောနေရာကား ရှော့ ပင်းစင်တာမဟုတ်ပါ၊ နိုက်ကလပ် မဟုတ်ပါ၊ The Hawaiian Luau ပွဲတော်ဖြစ်သည်။ ပါတီဟု အ လွယ်ခေါ်ပါစို့။ အချိုရည်နှင့်စပ်ထားသော ယမကာ၊ လူ ၅၀၀ ခန့် ပါဝင်ဆင်နွှဲမည့် ပါတီပွဲနှင့် နောက်ခံဆည်းဆာ၊ ဟာဝိုင်အီ စတိုင်လ်ချက်ပြုတ်စီမံထားသော ညစာ၊ ဟာဝိုင်အီအဆိုအကများနှင့် အနီးအနားကျွန်းနိုင်ငံများမှ ယဉ်ကျေးမှု၊ အလှ၊ အက၊ သဘာဝ များပေါင်းစပ်ဖန်တီး အကွက်ကျ စီစဉ်တင်ဆက်ပေးကြသည်။

ဓာတ်ပုံဆရာတို့အတွက် ကင်မရာမှန်ဘီလူးကော၊ မျက်လုံးကော၊ လက်ပါလည်ထွက်သွားမည့် အကွက်များ၊ ခံစားမှုများကို ဟာဝိုင်အီ၏ ယင်းညနေခင်းတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း အာမခံနိုင်သည်။ The Hawaiian Luau ပွဲကို သွားလိုလျှင် ဟိုနိုလူလူရှိ မိမိနေထိုင်ရာနေရာ (ဟိုတယ် သို့မဟုတ် တည်းခိုရာနေရာ)မှ ယင်းကဲ့သို့ ပွဲတော်တင်ဆက်ပေးသောကုမ္ပဏီထံမှ လက်မှတ်ဝယ်ရမည်။

လက်မှတ်မှာ ဒေါ်လာ ၃၀ မှ ၆၀ ကျော်အထိရှိသည်။ မောင်မောင်ဝယ်သော လက်မှတ်မှာ ၆၂ ဒေါ်လာကျသည်။ လက်မှတ်တွင် အချိုရည်နှင့်ဗော်ကာစပ်(ပန့်ခ်ျ) ယမကာ သုံးခွက်ရမည်၊ အချိုရည် (ကိုလာ၊ ဆိုဒါစသည့်) နှင့် ကော်ဖီကြိုက်သလောက်သောက်၍ရသည်။ ညစာကို ဘူဖေးပုံစံဖြင့် တည်ခင်း ကျွေးမွေးသည်။ ယဉ်ကျေးမှုအက အလှပသာဒများကို တစ်ဝကြီးခံစားခွင့်ရမည် ဖြစ်သည်။ ဟာဝိုင်အီ ကျွန်းသူလေးတွေချောကြောင်း နောက်အခန်းတွင် ဆက်ပါဦးမည်။

မမေ့နိုင်စရာ ညနေခင်း
မောင်မောင်တည်းခိုရာဟိုတယ်(Ala Moana)၏ကူညီဝန်ဆောင်မှုပေးရာကောင်တာ(Activities Desk)တွင် လက်မှတ်ကို ၆၂ ဒေါ် လာပေးဝယ်ပြီးနောက် ဟိုတယ်ဘေးသတ်မှတ်နေရာတွင် စောင့်ဆိုင်းနေလိုက်သည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လူ ၆၀ ဆန့်ဘတ်စ်ကားကြီးရောက်လာသည်။ မောင်မောင်အပါအ၀င် ၅၉ ယောက်ပါကြောင်း လမ်းညွှန်(ဂိုက်)က ပြောသည်။ ဂိုက်က အသွားရော၊ အပြန်ပါ ခရီးသည်များ အပန်းပြေရန်၊ မငြီးငွေ့စေရန်နှင့် ပါးစပ်မပိတ်နိုင်ဘဲရယ် မောနေစေရန် ဟာသများ ဆက်တိုက်ပြောသွားသည်။

ဟာဝိုင်အီကျွန်းသားတို့ အင်္ဂလိပ်စကားကောင်းစွာပြောနိုင်သော်လည်း ကြားနေကျအသံမဟုတ်သဖြင့် မောင် မောင့်မှာ အတော်နားစိုက်ရသည်။ ကိုယ့်ဟာကိုယ်လည်း ရယ်ရ၊ သူပြောတာတချို့ကြောင့်လည်း ရယ် ရပေါ့လေ။

မောင်မောင်တို့နေရာ မြို့လယ်ဝီကီကီအရပ်မှ ၃၇ မိုင်ခန့် ဝေးရာGermine's Leauသို့ နာရီဝက်ခန့်နှင့် ရောက်သည်။ ကားကြီးကလည်းကောင်း၊ လမ်းကြီးကလည်း ဖြူးသမို့ ရယ်စရာ နားထောင်လိုက်၊ တောင်ငေး၊ မြောက်ငေး (ပြတင်း ဟိုဘက်ဒီဘက်ကြည့်ခြင်းကိုပြောသည်)နှင့် မီးပြတိုက်ကြီး ထီးထီးရှိသော ကမ်းခြေသို့ ရောက်သွားခဲ့သည်။
ရောက်တော့ ဂိုက်ကပဲ ခေါင်းလျှိုစေပြီး ပင်လယ်ကမ်းခြေထွက် ခရုဆွဲကြိုလေး ဆွဲပေးလိုက်သည်။ ဂိုက်ကယောက်ျားဘသားဗလကြီးနှင့်မို့၊ မောင်မောင့်မှာ မကြိုက်သော်လည်း ကြောက်ကြောက်နှင့် ခေါင်းလျှို ပေးလိုက်သည်။ သူတို့ပေးသော ဖျော်ဖြေရေးအစီအစဉ်စာအုပ်တွင်တော့ ချစ်စရာဟာဝိုင်အီကျွန်းသူလေးက နူးညံ့ချိုပြုံးနှင့် ပန်းအစစ်ပန်းကုံးစွပ်ကြိုပြီးတော့ နှုတ်ဆက်အနမ်း (Aloha Kiss) ပေးသတဲ့။

မောင်မောင်တော့ အဲဒီအခွင့်အရေးမရခဲ့၊ မောင်မောင်ပါတဲ့အခေါက်မှ အစီအစဉ်တွေပြောင်းသ လားတော့မသိ။ ဗလကြီးနှင့်ပဲတွေ့ခဲ့ရသည်။ ပြီးတော့ တန်းစီရသည်။ ညနေခင်းကမ်းခြေရောက်သည်မို့ ၀င်တော့မည့်နေမင်းကြီးနှင့် ဆည်းဆာကောင်းကင်ကြီး နောက်ခံထားလို့ ဓာတ်ပုံရိုက်ရန်ဖြစ်သည်။

စုံတွဲတွေက နှစ်ယောက်တစ်တွဲတန်းစီကြသည်။ သူငယ်ချင်းဆိုလည်း နှစ်ယောက်တွဲတန်းစီကြသည်။ မောင်မောင်ကတော့ တစ်ယောက်တည်းမို့ အထီးကျန်စွာ တစ်ကိုယ်တော်တန်းစီ၊ ကိုယ့်အလှည့်ကျတော့ ဓာတ်ပုံအရိုက်ခံ၊ တစ်ယောက်တည်းမို့ အိုက်တင်တော့အလျော့မခံ၊ အဘွားပြောခဲ့ဖူးသော ကြာပြုံးလေးနှင့်။

အို ဆည်းဆာ..သင်ဟာ အကျည်းတန်သူကိုပင် ကြည့်ကောင်းချောမောအောင် လုပ်နိုင်စွမ်းပါလျက် ငါ့လိုလူကို ဘာကြောင့် ပိုလို့မထွန်းပြောင်စေသင့်သလဲ။ စိတ်ထဲမှ ကြုံးဝါးပြီး ကင်မရာကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ ဖြုံသွားပြန်သည်၊ ကင်မရာမင်းအမျိုးသမီးကလည်း နည်းတဲ့ဟာကြီးမဟုတ်၊ ၀တုတ်ကြီး။
ကိုယ့်အလှည့်ပြီး ကျန်သူများကိုကြည့်ပြီး အားကျ၊ မနာလိုဖြစ်ရ၊ ဆည်းဆာနောက်ခံနှင့် အသက်အရွယ်စုံ စုံတွဲတွေ အမှတ်တရဓာတ်ပုံကို အမှတ်တရဖြစ်အောင် ရိုက်နေကြ၊ ဗလကောင်းသည့်ကပ္ပလီကြီးက သူ့ကပ္ပလီမလေး(အာဖရိကန်-အမေရိကန်ဟုခေါ်သင့်သည်)ကို စွေ့ကနဲပွေ့ချီပြီးမှ ကင်မရာဘက်လှည့်ပြီး ပြုံးပြလိုက်သည်။ ချစ်-ချက်။

ပြုံးပြုံးနှင့်ဓာတ်ပုံအရိုက်ခံပြီး အပြန်ကျမှထိတော့သည်။ အဲဒီဓာတ်ပုံအတွက် (လေးလက်မx ခြောက်လက်မတစ်ပုံ၊ ခြောက်လက်မxရှစ်လက်မတစ်ပုံနှင့် ပွဲတော်အကြောင်း ရှင်းလင်းထား သည့်စာအုပ်တစ်အုပ်) ဒေါ်လာ ၂၀ ထပ်ပေးရသည်။

ကိုယ်ကလည်း ဓာတ်ပုံရိုက်ပြီးနေပြီမို့ ဈေးကြီးမှန်းသိသော်လည်း ယူလိုက်ကြရသည်။ တချို့က ကိစ္စမရှိ၊ တချို့ကတော့ မပျော်တပျော် ဖြစ်သွားခဲ့သည်။ မောင်မောင်လည်း မပျော်တပျော်ထဲတွင် ပါသွားသည်။ သို့သော် အမှတ်တရမို့စိတ်ဖြေရသည်။ ခဏနေတော့လည်း ပြေသွားခဲ့သည်။ ချစ်-ချက်ချင်ဦးပေါ့။ ပေးသော စာအုပ်လေး၏မျက်နှာဖုံးတွင် စာသားလေးတစ်ကြောင်းရေးထားလိုက်သေးသည်။ Too Good to Miss “လွမ်းဖွယ်လွန်ကောင်း” တဲ့။ ဟုတ်ပ။

ပျော်စရာများနှင့်ည
ပါတီခင်းကျင်းရာ ပွဲခင်းတွင်းဝင်တော့ ပန့်ခ်ျအတွက် တန်းစီသူများပင် စီနေကြပြီ။ မောင်မောင်လည်း ၀င်တန်းစီပြီး ပန့်ခ်ျတစ်ခွက်ယူထားလိုက်သည်။ ပန့်ခ်ျသုံးခွက်သောက်နိုင်ရန် လက်မှတ်လေးသုံးစောင်ပေး
ထားသည်။ တစ်ခွက်အတွက် တစ်စောင်ဆုတ်ဖြဲပေးလိုက်ရုံ။

ပန့်ခ်ျက သိပ်မပြင်း၊ မိန်းကလေးအကြိုက် ခပ်ပျော့ပျော့ ပြေပြေလေး၊ ပြင်းပြင်းလိုချင်လျှင်တော့ နောက်ထပ် ၂ ဒေါ်လာထပ်ပေးရမည်။ တချို့ ကထပ်ပေးပြီး ပြင်းစေသည်။ မောင်မောင်ကတော့ တော်ပါပြီလေဟု စိတ်ထဲဖြစ်လိုက်သည်။ ဟုတ် တယ်လေ...ဒါရန်ကုန်မဟုတ်ဘူး။

မောင်မောင်က ပွဲခင်းအတွင်း ပါတီလာသူပရိသတ်တွေ တက်ကြွလှုပ်ရှားနေပုံတွေကို ပါလာသော အော်တိုကင်မရာလေးနှင့် ဓာတ်ပုံရိုက်သည်။ ပါတီလာသူတွေက အစုံ၊ မိသားစုအလိုက်လည်း လာကြသည်မို့ ကလေးလေးတွေလည်း ပါသည်။ တချို့ကလေးတွေက အလွန်ချစ်စရာ၊ ဟာဝိုင်အီက ပါတီပေမို့ပွဲလာကြသူ အမျိုးသား၊ အမျိုးသမီးကလေးပါမကျန် အများစုက ပန်းပွင့်မျိုးစုံ၊ အဆင်စုံဖြင့် ဟာဝိုင်အီပုံစံ၊ ကမ်းခြေပါတီတက်ပုံစံ ချုပ်လုပ်ထားသော ဟာဝိုင်အီဒီဇိုင်း ၀တ်စုံများဖြင့်။ မောင်မောင်အတွက်တော့ လှနေကြသည်သာ။ ချစ်-ချက်။

ခဏနေတော့ ဖျော်ဖြေရေး စသည်။ ပါတီစသည်ဟုလည်းဆိုသည်။ ခရုသင်းမှုတ်ပြီး ဘုရင်၊ မိဖုရားနှင့် နောက်ပါများ ညီလာခံဝင်လာကြသည်။ မောင်မောင်တို့ဆီက မင်းကြီးထွက်နှင့်တူသည်။ မင်းကြီးထွက်တော့ ပွဲစပြီပေါ့။ တရားဝင် အခမ်းအနားဖွင့်လိုက်ခြင်းဖြစ်သည်။
မင်းကြီးထွက်ပြီးတော့ ၀က်သားဖော်ကြသည်။ ဟာဝိုင်အီစတိုင်လ်ဝက်တစ်ကောင်လုံးကို နံ နက်ခင်းစောစောကတည်းက မြေကြီးထဲထည့်ပြီး ကင်ထားခြင်းဖြစ်သည်။ ၀က်ကို ရှင်းလင်းဆေးကြောပြီး သင့်တော်သည့် အရွက်များနှင့် လုံစွာပတ်ကာ အပူပေးထားသည့် ကျောက်တုံးကြီးများနှင့် မီးအုံထား ခြင်းဖြစ်သည်။ ရိုးရာဆန်သော ချက်ပြုတ်မှုဖြစ်သည်။

သမိုင်းကြောင်းလှန်လျှင်တော့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုနှင့်သွားချိတ်ဆက်နေသည်။ နတ်တို့ကြိုက်သော ပုံစံချက်ပြုတ်လိုက်ခြင်းဖြစ်သည်ဆို၏။
ဝက်ဖော်ပြီးတော့ ညစာစားကြသည်။ ဘူဖေးတန်းစီယူကြပြီ၊ စားကြ၊ သောက်ကြသည်။ ဖျော်ဖြေ ရေးအစီအစဉ်လည်းစပြီ။ ကကြ၊ ခုန်ကြသည်။ တက်ရောက်လာသူများ စိတ်ပါပြီး ကခုန်လိုပါကလည်း သင်ကြားပေးသည်။ အမျိုးသမီးနှင့် ကလေးငယ်များ စင်ပေါ်တက်ပြီး ကကြသည်။ သူတို့ပျော်ကြသည်။ အော် ဘ၀တွင်အမှတ်ရစရာ။ သူတို့ကြည့်ပြီး မောင်မောင်လည်း ပျော်သည်။ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့သည်။

ဟာဝိုင်အီဒေသခံ ရိုးရာအက၊ အလှ၊ အဆိုများသာမက အခြားသမုဒ္ဒရာတွင်း ကျွန်းနိုင်ငံများဖြစ်သော တဟီတီကျွန်းသူ လုံမပျိုတို့ အက၊ မောင်မောင်အကြိုက်ဆုံးအက ဖြစ်သည်။ ဆွဲကြိုးကြီးကြီး ဆွဲပြီး အလှဆင်ထားသော စကတ်ကို ၀တ်ဆင်ထားသဖြင့် လုံမပျိုတို့ သဘာဝနှင့်နီးပြီး လှချင်တိုင်း လှ နေကြတော့သည်။
နောက်တော့ နယူးဇီလန်ကျွန်းက ယဉ်ကျေးမှုဖြစ်သော ဘောလုံးကလေးများနှင့် စည်းချက်ညီကစားပြသည်။ အမျိုးသမီးများနှင့် ဘောကလေးများ၊ ချစ်စရာ။ ပြီးတော့ ဖီဂျီကျွန်းသားစစ်သည်တော်တို့ အကကိုကပြသည်။ စစ်သည်တော်ကြီးတို့က မြန်မာရှေးစာဆိုတို့ ရေးခဲ့သည့် ကြွက်သားအဖုဖု ထုထုပြီး ခရာချင်စရာ။ မျက်နှာ တွင်တော့ အမေရိကန် မရိန်းတပ်သားတွေလို ဆေးအမည်ကြီးတွေ သုတ်ထားလိုက်သေးသည်။

ပွဲတော်တွင် နွှဲပျော်ခဲ့ရသည်များက ကျေနပ်စရာတွေချည်း ဖြစ်သည်။ ဆာမိုအာကျွန်းသားကြီး၏ မီးကစားကွက်က အလှဆုံးဖြစ်နေသည်။ ကြိုတင်ပြောထားသည့်အတိုင်း အသက်ရှူရမည်ကို မေ့ချင်စရာ။ မီးကိုစားပြသည်။ မီးနှင့်ကစားပြသည်။ အမှန်တော့ မီးကိုမဆော့သင့်၊ လောင်တတ်သည် မဟုတ်လား။
အပြန်ခရီးမှာလည်း ဂိုက်ကြောင့် မငိုက်ဘဲ ဟိုတယ်ပြန်ရောက်ခဲ့သည်။ လွမ်းစရာ့ ဟာဝိုင်အီခရီးပေတကား။

ဆောင်းပါးနှင့်ပတ်သက်ပြီး ဆောင်းပါးရေးသူအား တစ်စုံတရာမှတ်ချက်ပြု ဝေဖန်ပြောကြား ဖြည့် စွက်အကြံပြုလိုပါက myothahtet@gmail.com သို့ ရေးသားပြောဆိုနိုင်ပါသည်။

No comments: