ဆူနာမီဟုကြားလျှင် အာရှသားတို့ ရင်ခုန်နေရဆဲဖြစ်သည်။ ၂၀၀၄ ဒီဇင်ဘာတွင်းက အိန္ဒိယသမုဒ္ဒရာတွင်း ငလျင်ပြင်းစွာလှုပ်ပြီး အင်ဒိုနီးရှားတွင် ထိခိုက်ပျက်စီးမှု အများဆုံး၊ ထိုင်းနှင့် သီရိလင်္ကာတွင်လည်း အသေအကျေ အပျက်အစီးများကာ၊ မြန်မာနှင့် နိုင်ငံတချို့ကို အဖျားခတ်ခဲ့သည့် ဆူနာမီကို အာရှသားတို့ ကြောက်ခဲ့ကြသည်။ ရွံ့ခဲ့ကြသည်။
၂၀၀၄ ဆူနာမီကြီးနောက်ပိုင်း ဆူနာမီနောက်တစ်ကြိမ်လာမည်ကို ကြောက်ခဲ့ကြသည်။ ဆူနာမီနှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုတွေ လုပ်ကြသည်။ ကြိုတင်သတင်းပေး၊ သတိပေးနိုင်မည့် စင်တာတွေ ပိုမိုလုပ်လာကြသည်။ ယခင်ကထက်ပိုပြီး ငလျင်တွေကို အာရုံစိုက်လာကြသည်။ ငလျင်တစ်ခုလှုပ်သည်ဆိုသည်နှင့် မဂ္ဂနီကျု့ ဘယ်လောက်လဲ၊ ဘယ်လောက်ပြင်းသလဲဟု အရေးတကြီး အာရုံစိုက်ကြည့်လာရတော့သည်။
ဆူနာမီဆိုတာဘာလဲ
ဆူနာမီ (Tsunami) သည် ပင်လယ်၊ သမုဒ္ဒရာကြမ်းပြင်အောက် သို့မဟုတ် ကြမ်းပြင်အနီးတွင် ငလျင် ကြီး(မဂ္ဂနီကျု့ ၈ နှင့်အထက်) များ လှုပ်သောအခါ ပင်လယ်သမုဒ္ဒရာပြင်တွင် ရေလှိုင်းကြီးများ ဆက် တိုက်ဖြစ်ပေါ်လာပြီး၊ ယင်းရေလှိုင်းကြီးများက ကမ်းခြေများဘက်သို့ ရောက်ရှိလာတာ၊ ကမ်းခြေရှိလူများ၊ အိမ်များ၊ အဆောက်အဦများ စသည့်သက်ရှိ သက်မဲ့တို့ကို ဖျက်စီးစေနိုင်စွမ်းသောအရာဖြစ်သည်။
ရေအောက်တွင် တည်ရှိသော မီးတောင်များပေါက်ကွဲခြင်း၊ ရေအောက်ရှိ တောင်ကြီးများ ပြိုလဲ ခြင်းတို့ကြောင့်လည်း ဆူနာမီဖြစ်နိုင်သည်။ ပင်လယ်သမုဒ္ဒရာတွင်းတွင် ဆူနာမီရေလှိုင်းတို့ အရှိန်သည် တစ်နာရီကီလိုမီတာ ၈၀၀ (မိုင် ၅၀၀)အထိရှိသည်။ ယင်းအရှိန်သည် ကောင်းကင်တွင် ပျံသန်းသည့် ဘိုရင်းဂျက်လေယာဉ်ကြီးများ၏ အမြန်နှုန်းထပ်တူနီးပါးဖြစ်သည်။
ဆူနာမီရေလှိုင်းကြီးများ အမြင့်သည် ၁၀ မီတာ(ပေ ၃၀) ခန့်မှသည် ယင်းထက်ပိုမိုမြင့်မားနိုင်ပြီး၊ အလွန်ကြီးမားသော ဆူနာမီရေလှိုင်းများဆိုလျှင် မီတာ ၃၀ (ပေ ၁၀၀ ခန့်)အထိရှိနိုင်သည်။ ဆူနာမီရေလှိုင်း ၃ မီတာမှ ၆ မီတာ (၁၀ ပေခန့်မှ ပေ ၂၀ ခန့်) ရှိလာလျှင်ပင် လူအသေအပျောက်နှင့် ထိခိုက် ပျက်စီးမှုများစွာဖြစ်ပေါ်နိုင်သည်။
ဆူနာမီဖြစ်လျှင် ဒဏ်အခံရဆုံးမှာ ကမ်းရိုးတန်းတစ်လျှောကတွင် နေကြသူများဖြစ်သည်။ ရေလှိုင်းကြီးများက ကမ်းရှိရာသို့ ရောက်လာသောကြောင့်ဖြစ်သည်။ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ၂၀၀၄ ဒီဇင်ဘာက အိန္ဒိယသမုဒ္ဒရာတွင်း ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် လူပေါင်းသုံးသိန်းကျော် သေကြေပျက်စီးခဲ့သည်။ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည်။ လူပေါင်းတစ်သန်းကျော်နေထိုင်ရာ အိမ်ဂေဟာများ စွန့်ခွာထွက်ပြေးဆုံးရှုံးခဲ့ရသည်။
ဆူနာမီရေလှိုင်းတစ်ခုကြာချိန်သည် မိနစ်အနည်းငယ်မှ တစ်နာရီအထိကြာနိုင်ပြီး၊ တစ်ခါတရံ ထိုထက်လည်း ပိုနိုင်သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်း အနောက်မြောက်ဘက် အိန္ဒိယသမုဒ္ဒရာတွင်း လှုပ်ခတ်ခဲ့ သော ငလျင်သည် ၉.၀ မဂ္ဂနီကျု့ ရှိပြီး၊ အာရှနှင့်အတူ ကမ္ဘာကြီးကို ခြောက်လှန့်ခဲ့သည်။ ပင်လယ် သမုဒ္ဒရာကြမ်းပြင်တွင် ငလျင်လှုပ်ခြင်းကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်နိုင်ပုံကို ဂရပ်ဖစ်ဖြင့် တင်ဆက်ထားသည်ကို ကြည့်ရှုနိုင်သည်။

ဆူနာမီဖြစ်လျှင် ဆောင်ရွက်ရမည့်ကိစ္စမှာ မသေအောင် မြင့်ရာလွတ်ရာသို့ ပြေးခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းက ထုတ်ပြန်ပေးသော စတစ်ကာ ကြော်ငြာကိုလည်း တင်ဆက်လိုက် ပါသည်။

ငလျင်ကြီးလှုပ်ပြီးလျှင် ဆူနာမီဖြစ်ပေါ်တတ်သည်။ (After an earthquake, a tsunami may follow) မြင့်ရာသို့ ပြေးပါလေ (Move quickly to higher ground) ဟု သတင်းစကား (message) ရေးသားထားသည်။
အံ့သြစရာလေ့လာရေးခရီး
ဆူနာမီဗဟုသုတရှိထားသော အယ်ဒီတာမှာ ကံကောင်းအကြောင်းလှသဖြင့် ဟာဝိုင်အီတွင်ရှိသော ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) PTWC သို့ အောက်တို ဘာ ၂၄ ရောက်ရှိသွားခဲ့သည်။
သာယာသော အောက်တိုဘာ နံနက်ခင်းတွင် ဆူနာမီသတိပေးစင်တာသို့ ရောက်ရှိခဲ့သော အယ်ဒီတာတို့အဖွဲ့ရောက်ပြီး မကြာမီမှာပင် အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းအနောက်တောင်ပိုင်းတွင် မဂ္ဂနီကျု့ ၇.၀ ရှိသော ငလျင်ကြီးလှုပ်ကြောင်း၊ စင်တာသို့ သတင်းဝင်ရောက်ခဲ့ရာ စင်တာတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။
အော်၊ အံ့သြစရာ လက်တွေ့၊ မျက်တွေ့လေ့လာရေး ခရီးပါတကားဟု စိတ်တွင် ကျေနပ် တွေးတွေးမိပြီး တစ်ပြိုင်နက်မှာပင် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများအတွက် ဆူနာမီအရေးနှင့်စပ်ပြီး ဘေးဖြစ်မည်လားဟု စိတ်ပူမိရသေးသည်။
မေးကြည့်တော့ ဘာမှမဖြစ်ပါဟု စင်တာမှတာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းပြောကြားရင်း ပြောပြသည်။ စိတ်မပူရန် ပြောကြသည်။ မလေးရှားနှင့် အငဒိုနီးရှားမှလာသော သတင်းစာဆရာနှစ်ဦးကမူ ချက်ချင်းပင် စင် တာမှနေ၍ မိခင်နိုင်ငံသတင်းဌာနများသို့ တယ်လီဖုန်းဆက်ခြင်း၊ ဖုန်းဖြင့် သတင်းတို (SMS) ပို့ခြင်းတို့ကို ဆောင်ရွက်ကြတော့သည်။
သတင်းစာဆရာမှာ သတင်းလာဘ်ကောင်းတော့ သတင်းကြီးနှင့် ထိပ်တိုက်လာတွေ့နေတာပလားဟု တွေးမိပြီး၊ ခေတ်မီဆက်သွယ်ရေးကိရိယာများသုံးကာ၊ အချိန်မဆိုင်းဘဲ အလုပ်လုပ်နေကြသော သူငယ်ချင်း သတင်းစာရာများကိုကြည့်ပြီး အားကျနေမိသည်။ အင်ဒိုနီးရှားတွင်ဖြစ်သော ငလျင်သတင်း၊ ငလျင်လှုပ်ပြီး ၁၀ မိနစ်ခန့်အကြာ စင်တာသို့ သတင်း ၀င်လာရာ စကရင်ပေါ်တွင် ပေါ်နေသည်ကို မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့သည်ကို ဖော်ပြပါသည်။

စင်တာအကြောင်း သိကောင်းစရာ
ပစိဖိတ်ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center) ကို ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖြစ်ခဲ့သော လူပေါင်း ၁၅၉ ဦး သေဆုံးခဲ့သည့်ဆူနာမီဖြစ်ပြီး နောက်တွင် စင်တာတည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စင်တာတည်ထောင်ပြီးနောက်တွင်လည်း အမေရိကနှင့် ကမ္ဘာတစ်ဝန်းတွင် ဆူနာမီများ များစွာ ဖြစ်ခဲ့ပြီး၊ ၂၀၀၄ အာရှဆူနာမီမှာ ကြောက်စရာအလွန်ကောင်းသည်။
စင်တာမှာ အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Department of Commerce) အောက်တွင် တည်ရှိသော်လည်း၊ စင်တာမှရရှိသော သတင်းအချက်အလက်များကို ကမ္ဘာတစ်ဝန်းမှ နိုင်ငံများရှိ မိုးလေ၀သစင်တာများသို့ အခမဲ့သတင်းအချက် အလက်များ ပေးပို့ခြင်းဖြစ်သည်။
စင်တာသည် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပျက်နေသော ငလျင်သတင်းများနှင့် အခြား ဆူနာမီဆိုင်ရာသတင်းများကို ၂၄ နာရီအပြည့် အဆိုင်းသုံး ဆိုင်းခွဲ၍ စောင့်ကြည့်ရယူလျက်ရှိသည်။ ရရှိသော သတင်းများကိုလည်း အချိန်နှင့် တစ်ပြေးညီစဉ်းစားသုံးသပ်၍ သက်ဆိုင်ရာမိုးလေ၀သစင်တာများသို့ ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။
ကမ္ဘာတစ်ဝန်းမှ ဖြစ်ပျက်ခဲ့သော ငလျင်သတင်းများကို ရယူရာတွင်လည်း နည်းစနစ်တစ်ခုတည်းဖြင့် ရယူခြင်းမဟုတ်ဘဲ၊ နည်းစနစ်သုံးလေးမျိုးဖြင့် ရယူဆောင်ရွက်နေကြောင်း စင်တာမှတာဝန်ရှိသူများက ရှင်းပြခဲ့သည်။

ငလျင်မှဆူနာမီသို့
ပစိဖိတ်ဆူနာမီ သတိပေးစင်တာ၏ အဓိကလုပ်ဆောင်ရမှုမှာ ဆူနာမီနှင့် ပတ်သက်သော သတင်းများကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ မိုးလေ၀သစင်တာများ သတင်းကြိုတင်ရရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဆူနာမီဖြစ်ပွားနိုင်သည့် နေရာပတ်ဝန်းကျင်နေ ပြည်သူများအား ဘေးကင်းရာလွတ် ရာပြောင်းရွှေ့နေထိုင်နိုင်ရေး နှိုးဆော်နိုင်ရန် ပေးပို့ရခြင်းဖြစ်သည်။
ထိုသို့ သတင်းများပေးပို့ရာတွင်လည်း သေချာစွာအကြိမ်ကြိမ် တွက်ချက်ပြီးမှ ပေးပို့ရခြင်းဖြစ်သည်။ ကြိုတင်သတိပေးပြီး ဆူနာမီအရိပ်အရောင်လေးတောင်မှ မတွေ့ခဲ့ရလျှင် နောက်အကြိမ်များ၌ ထိုသို့ သတိပေးပါက ဒေသခံမိုးလေ၀သစင်တာများနှင့် ပြည်သူများ၏ ဆူနာမီကြိုတင်အသိပေး သတင်းအပေါ်ယုံကြည်မှု လျော့နည်းမည်ဖြစ်သည်။
မကြာမီလပိုင်းက ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ဆူနာမီသတိပေးသတင်းဝင်ရောက်ခဲ့သော်လည်း မည်သည့်ဆူနာမီမှ မဖြစ်ခဲ့သည်ကို သတိထားမိသည်။
ဆိုရသော် ဆူနာမီသတိပေးစင်တာ၏ ခန့်မှန်းဆောင်ရွက်ရသည့် တာဝန်၊ ဆုံးဖြတ်သတင်းပို့ရသည့်တာဝန်မှာ ကြီးမားပါသည်။ တစ်ချက်လွဲချော်ခဲ့ရုံမျှဖြင့် ယုံကြည်မှု မဲ့နိုင်သလို၊ သတင်းရရှိသူများအနေနှင့်လည်း ပေါ့ပေါ့နေခဲ့ပြီး မယုံကြည်ခဲ့ပါက တကယ်ဆူနာမီဖြစ်လာသောအခါ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးသွားမည်ဖြစ်သည်။
ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်ပြင်းအား မဂ္ဂနီကျု့(ငလျင်တိုင်းတာသည့် ယူနစ်) အလိုက် မိုးလေ၀သစင်တာများသို့ သတင်းပေးမှုအဆင့်များခွဲခြားထားသည်။ ငလျင်ပြင်းအား မဂ္ဂနီ ကျု့ ၆.၅ အောက်ငယ်ပါက သာမန်ငလျင်သတင်း (Earthquake Message only) သာ ပေးပို့ပြီး၊ ငလျင်ပြင်းအား မဂ္ဂနီကျု့ ၆.၅ မှ ၇.၅ အထိ ဖမ်းယူရရှိပါက ဆူနာမီသတင်းပေးထုတ်ပြန်ချက် (Tsunami Information Statement) ပေးပို့သည်။
ငလျင်ပြင်းအား မဂ္ဂနီကျု့ ၇.၆ မှ ၇.၈ ဖြစ်မှန်းသိလျှင်တော့ ဒေသဆိုင်ရာဆူနာမီသတိပေးချက်(Regional Tsunami Warning)် ထုတ်ပြန်ပေးသည်။ နောက်ပိုင်းတွင်လည်း ဆက်တိုက် တယ်လီဖုန်းဆက်သွယ်၍ ဆူနာမီ သတင်းပေးမှု (tele-tsunami) များကို ပြုလုပ်ပေးသည်။
ငလျင်ပြင်းအား ၇ မဂ္ဂနီကျူ့ အဆင့်သတင်းရရှိပါက အခြေအနေအေးသွားမည့်အချိန် (နောက်ထပ် ၃ နာရီကျော်) အထိ စဉ်ဆက်မပြတ်စောင့်ကြည့်နေကြကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။
ငလျင်ကြီးတစ်ကြိမ် လှုပ်ပြီးလျှင်တော့ သာမန်အားဖြင့် သုံးလခန့်မှ နှစ်ပေါက်သည်အထိ နောက်ထပ်ကြီးကြီးမားမား ငလျင်မျိုး မတွေ့ရတတ်ကြောင်း သိရသည်။

ငလျင်ကြီးတစ်ကြိမ် လှုပ်ပါက စင်တာသို့ ငလျင်လှုပ်ရာ ဒေသခံများ၊ မိုးလေ၀သစင်တာများနှင့် သတင်းဌာနများက ဖုန်းခေါ်ဆိုမှု ရာနှင့်ချီ၍ ၀င်တတ်ကြောင်း စုံစမ်း သိရသည်။
ဆောင်းပါးနှင့်ပတ်သက်၍ ဝေဖန်ဖြည့်စွက်လိုက myothahtet@gmail.com သို့ ပြောပါ၊ ရေးပါ။
No comments:
Post a Comment