Thursday, November 15, 2007

မမှန်တာ မပြောဘူး

မူလက ဆောင်းပါးခေါင်းစဉ်ကို အမှန်ပြောပြမယ်လို့ ပေးချင်ခဲ့တာပါ။ လူဆိုတာ အတ္တရှိတဲ့ သတ္တ၀ါပေမို့ အမှန်ပြောတာတောင် မှန်တော့မှန်တယ်၊ နည်းနည်းပိုပြောလိုက်တယ်ဆိုတာမျိုး မဖြစ်ရလေအောင် မမှန်တာ မပြောဘူးဆိုပြီး ခေါင်းပြောင်းတပ်လိုက်တာပါ။

တလောက အမေရိက ရောက်တယ်။ တကယ်တော့ မြန်မာတစ်ယောက် အမေရိကရောက်တာ မဆန်းပါဘူး။ အမေရိက ရောက်တဲ့ မြန်မာအများကြီးပါ။ အကြောင်းအမျိုးမျိုးနဲ့ အမေရိကမှာ နေထိုင်နေကြတဲ့ မြန်မာတွေ လည်း ဒုနဲ့ဒေး။ တချို့ဆို မြန်မာပြည်ပေါက် အမေရိကန်တောင် ဖြစ်နေပြီ။

ဆိုချင်တာက မြန်မာတစ်ယောက် အမေရိကရောက်ပြီး မြန်မာပြည် ပြန်ရောက်လာတော့ ဘယ်လိုခံစားရလဲ၊ ဘာတွေတွေ့ခဲ့ရလဲ၊ ဘာတွေပြန်ပြောပြချင်လဲလို့ မေးလာကြတော့ တစ်ခုခုပြောချင်လာတယ်။ အဲဒီမှာ အထက်က ဆိုခဲ့သလို အမှန်ပြောပေမယ့် ပိုပြောသလို မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ဆင်ဆာဖြတ် (self censor) လို့ ပြောပြလိုက်ရပါ တယ်။ ခံစားတွေးတော ဝေဖန်ကြပါဦး။

မထူးဆန်းပါဘူး
ဟောလီးဝုဒ်ရုပ်ရှင်တွေ ကြည့်တတ်၊ ကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တော့ အမေရိကဟာ သိပ် ကြီးမထူးဆန်းခဲ့ပါဘူး။ ရုပ်ရှင်တွေထဲကနေ ရင်းနှီးနေခဲ့ရတဲ့၊ မြင်နေခဲ့ရတဲ့ နေရာတွေ၊ လူတွေနဲ့အပြင်မှာ တကယ်ရောက်ချင်၊ တွေ့ချင်၊ ခံစားကြည့်ချင်တာကတော့ အိပ်မက်တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီအိပ်မက်ကို မက်ရင်း အလုပ်လုပ်ပြီး စောင့်ရတယ်။ ကံတရားနဲ့ အလုပ်ပေါင်းစည်းမိပြီး အချိန်ရောက်လာချိန်မှာတော့ အိပ်မက်ဟာ လက်တွေ့ဖြစ်ခဲ့တယ်။ ကျွန်တော်အမေရိက ရောက်ခဲ့တယ်။ ရုပ်ရှင်ထဲမှာ တွေ့ခဲ့တဲ့ နေရာတွေ၊ မြင်ခဲ့ရတဲ့ လှုပ်ရှားမှုတွေကို တကယ်ရောက်ခဲ့တယ်၊ မြင်ခဲ့ရတယ်။

အမေရိကရဲ့ အစိုးရရုံးစိုက်ရာ၊ သမ္မတနေထိုင်တဲ့ အိမ်ဖြူတော်တည်ရှိရာ၊ လွှတ်တော်နှစ်ရပ် လုပ်ငန်းဆောင်ရွက်ရာ ကတ်ပီတယ်ဟေးလ်ရှိတဲ့ ၀ါရှင်တန်ဒီစီရောက်တော့ ရုပ်ရှင်တွေထဲမှာ တွေ့သလိုပါပဲ၊ လူတွေဟာ စမတ်ကျနေကြတယ်၊ ပြောဆိုလုပ်ကိုင် လှုပ်ရှားမှုတွေဟာ မြန်ဆန်တိကျ သပ်ရပ်နေကြတယ်။ အချိန်ဟာ သိပ်တန်ဖိုးရှိနေကြတယ်။ အပြေးအလွှားပါပဲ။
မြို့တော်ဝါရှင်တန်ဒီစီရှိ အမေရိကန် သမ္မတနေထိုင်ရာ အိမ်ဖြူတော်(နောက်ကျောဘက်)အား ခြံစည်းရိုးမှ အနီးကပ်မြင်ကွင်း

ဝါရှင်တန်ဒီစီမှာ သူတို့လို စီးမျောပျော်ဝင်နိုင်ဖို့ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ပုံမှန်လှုပ်ရှားနေထိုင်တဲ့ ပုံစံကို နှစ်ဆသုံးဆတိုးမြှင့်လိုက်ရတယ်။ ဦးနှောက်ဟာ အပူတွေများစွာထွက်အောင်၊ မီးခိုးအူအောင် အလုပ် လုပ်လိုက်ရတယ်။

မြန်မာတွေမှာ လိုက်ပါတိုးဝင်နိုင်တဲ့ အစွမ်းရှိတာကိုတော့ လွန်ခဲ့တဲ့ ခြောက်နှစ်က အရှေ့တောင် အာရှလေးနိုင်ငံကို ရောက်ရှိခဲ့ဖူး၊ လှုပ်ရှားသွားလာခဲ့ဖူးပြီးဖြစ်တဲ့ ကျွန်တော်သတိပြုမိခဲ့ပြီး ဖြစ်တယ်။

မြန်မာတွေမှာ အစွမ်းရှိတယ်။ ပညာရေးအခြေခံကောင်းကောင်း၊ အကူအညီအထောက်အပံ့ ကောင်းကောင်း၊ မူဝါဒကောင်းကောင်းတွေနဲ့ လှုပ်ရှားလုပ်ကိုင်သွားမယ်ဆိုရင် မျိုးဆက်တစ်ခုအတွင်း(အနှစ် ၂၀ ကာလအတွင်း)မှာ အာဆီယံပထမငါးနိုင်ငံထဲမပါရင်တောင် ဒုတိယငါးနိုင်ငံရဲ့ ဒုတိယနိုင်ငံ (ဗီယက်နမ်ရဲ့ နောက်နိုင်ငံ)အဖြစ်တော့ ရောက်နိုင်တယ်လို့တော့ တွေးမိတယ်။

အမေရိက ဒီကနေ့အခြေအနေ ရောက်နေတာ တကယ်တော့ မထူးဆန်းပါဘူး။ စနစ်က ကောင်းတယ်၊ လူတွေထဲမှာ အများစုက စည်းကမ်းဥပဒေကို လေးစားလိုက်နာတယ်၊ ကျင့်ဝတ်ကို စောင့်ထိန်းတယ်။ မလိုက်နာတဲ့သူ၊ မစောင့်ထိန်းတဲ့ လူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးတယ်၊ ကိုင်တွယ်နှိမ်နင်းဖြေရှင်းပစ်တယ်။

တန်းစီရမယ့်နေရာ တန်းစီရတယ်၊ ကျော်လို့ ခွလို့မရဘူး၊ အော်လို့ ဆူလို့မရဘူး။ တန်းမစီဘူး၊ ကြားဖြတ်မယ်ဆိုတဲ့ လူကို အော်ဟစ်ရှုတ်ချတယ်၊ မျက်စောင်း ထိုးတယ်၊ ၀ိုင်းပယ်ဆုံးမတယ်။

အမေရိကဟာ လွတ်လပ်တယ်၊ လူ့ အခွင့်အရေး အပြည့်အ၀ရတယ်၊ လူတစ်ဦးချင်းရဲ့ မွေးရာပါအခွင့်အရေး အပြည့်အ၀ပေးတယ်ဆိုပေမယ့် အမေရိကန်တွေဟာ စည်းနဲ့ကမ်းနဲ့ နေထိုင်ကြတယ်၊ စိတ် ရှည်သည်းခံနိုင်ကြတာကို တွေ့ရတယ်။ တော်တဲ့သူကို နေရာပေး တယ်၊ ချီးမြှင့်မြှောက်စား ထောက်ပံ့ကြတာ တွေ့ရတယ်။

တကယ်တော့ အခွင့်အရေးနဲ့ တာဝန်ဆိုတာ တွဲစပ်နေတာ ဖြစ်တယ်။ ရထားလမ်းမျဉ်းပြိုင်လိုပဲ၊ ရေနဲ့ကြာလိုပဲ ယှဉ်တွဲထောက်ကူ ပံ့ပိုးနေတာ ဖြစ်တယ်။ အခွင့်အရေးချည်းပဲယူလို့မရဘူး၊ တာဝန်လည်း ထမ်းကြရမယ်။ တာဝန်ချည်းပဲ ထမ်းနေရမှာ မဟုတ်ဘူး၊ အခွင့်အရေးလည်း ရကြရမယ်။

အခွင့်အလမ်းနဲ့ ကျော်ကြားထင်ရှားမှုဆိုတဲ့ ကြာပန်းရနံ့ကို ရဖို့ ကြည်လင်သန့်စင်တဲ့ ရေဖြည့်ဆည်း (ကျေပွန်စွာတာဝန်ထမ်း)ရမယ်။

လုပ်ကြံခံလိုက်ရတဲ့ အမေရိကန်သမ္မတကနေဒီ ပြောခဲ့ဖူးတယ်။ တိုင်းပြည်က ခင်ဗျားတို့ကို ဘာလုပ်ပေးမှာလဲ မမေးပါနဲ့တဲ့၊ ခင်ဗျားတို့က တိုင်းပြည်အတွက် ဘာလုပ်ပေးမလဲဆိုတာကို ပြောပါ တဲ့။

“Ask not what your country can do for you, but what you can do for your country”
- President John F. Kennedy
မြို့တော်ဝါရှင်တန်ဒီစီရှိ လင်ကွန်းအမှတ်တရအဆောက်အဦမှ လွတ်လပ်ရေးကျောက်တိုင်သို့ လှမ်းမြင်ရသော မြင်ကွင်း

အမေရိကရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ခိုင်မာလွန်းတာမို့ ဒီမိုကရက်ပဲတက်တက်၊ ရီပတ်ဘလေကန်ပဲ တက်တက်၊ ဘယ်လူပဲ သမ္မတလုပ်လုပ် အဆင်ပြေနေနိုင်ပြီ ဖြစ်ပါတယ်။ ဒါဟာလည်း အချိန်ကာလ အများကြီးပေးပြီး တည်ဆောက်ယူခဲ့တာ ဖြစ်ပါတယ်။

ခိုင်မာပြီး အမှားနည်းတဲ့ စနစ်ရယ်၊ ထက်မြက်တဲ့ခေါင်းဆောင်တွေရယ်၊ စည်းကမ်းလိုက်နာတဲ့ နိုင်ငံရေးသမားရယ်၊ အရည်အချင်းရှိတဲ့ နယ်ပယ်စုံကျွမ်းကျင်သူတွေရယ်၊ ညီညွတ်ပေါင်းစည်း လုပ်ကိုင်နိုင်မှုတွေရယ် စတာတွေကြောင့် အမေရိကဒီလိုဖြစ်တာဟာ မထူးဆန်းပါဘူး။

ဒါတောင် လက်ရှိသမ္မတဘုရှ်ရဲ့ အာဖဂန်၊ အီရတ်စစ်ပွဲလုပ်ကိုင် ဆောင်ရွက်ချက်တွေနဲ့ နိုင်ငံတကာ ရေးရာတွေအပေါ် ပါဝင်ဆောင်ရွက်မှုတွေ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်နဲ့ သဘောထားတွေ၊ နိုင်ငံခြားရေးမူဝါဒတွေကြောင့် ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်ပြစ်တင်မှုတွေ၊ တိုက်ခိုက်ခံရတာတွေကို သတင်းတွေမှာ တွေ့နေကြားနေကြရပါတယ်။

နတ်ပြည်ကြီးလို့ ဆိုရပေမယ်
အမေရိကကို ၁၀ ရက်ကြာ လေ့လာရေးသွားခဲ့ရာမှာ မြို့ကြီးသုံးမြို့ကိုရောက်ခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ၊ ဆီယက်တဲလ်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဟိုနိုလူလူ၊ ဟာဝိုင်အီတို့ပဲ ဖြစ်ပါတယ်။

ဆီယက်တဲလ်ကို ရောက်တော့ ညပိုင်းဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီကနေ ဆီယက်တဲလ်(အရှေ့ဘက်ကနေ အနောက်မြောက်ဘက်)မိုင် ၂၃၀၀ ကျော်ခရီးကို လေယာဉ်နဲ့ ငါးနာရီလောက်စီးရတယ်။

လေယာဉ်ပေါ်အိပ်လာခဲ့ပြီး ဆီယက်တဲလ်လေယာဉ်ကွင်းအဆင်းမှာမှ အိပ်ရာကနိုးတာမို့၊ လေ ယာဉ်ပြတင်းဘေးထိုင်လိုက်(အိပ်လိုက်)လာသူ ကျွန်တော်က အပြင်ဘက်ကြည့်လိုက်တော့ လန့်သွားပါတယ်။ ရုတ်တရက် လေယာဉ်အတွင်းဘက်ကို မျက်နှာပြန်လှည့်ပြီး ပြူးကြောင်ကြောင် ပြန်ကြည့်ဖြစ်ပါတယ်။
စိတ်ထဲလည်း တစ်မျိုးခံစားရပြီး အူကြောင်ကြောင် ဖြစ်သွားပါတယ်။ အိပ်မက်လိုလို၊ ဘာလိုလို ခံစားရပါတယ်။

အဲဒီအချိန် စက္ကန့်ပိုင်းလေးအတွင်း ကျွန်တော်တကယ် ထင်သွား ခံစားလိုက်ရတာကတော့ ကျွန်တော်နတ်ပန်းရထားလေးစီးပြီး နတ်ပြည်ရောက်သွားတာပါပဲ။ ရှိန်ရှိန်ညီးညီး တောက်ပပြိုးပြက်တဲ့ တာဝတိံသာ(မရောက်ဖူးပါ၊ လူကြီး မိဘများပြောပြသော ပုံပြင်များနှင့် သီတင်းကျွတ်ကာလတွင် မြတ်စွာ ဘုရားတာဝတိံသာမှ လူ့ပြည်သို့ ပြန်လည်ကြဆင်းလာသည်ဟု မှတ်သားထားဖူးသောကြောင့်) မှာ နတ်သားလေးကျွန်တော်။

ဆီယက်တဲလ်ညခင်းကို လေယာဉ်ပေါ်က ကြည့်တဲ့အခါ စူးရှ လင်းလက်နေတဲ့ မြို့ကြီးကို မျက်စိ တစ်ဆုံး(တကယ်တော့ မဆုံးသေးပါဘူး၊ မြင်ရတဲ့ဘောင်က ဆုံးသွားလို့ပါ) မြင်နေရပါတယ်။ အဝေးကြီးက လှမ်းကြည့်တာတောင် မျက်စိစူးသွားစေတာမို့ ရုတ်တရက် ဆက်မကြည့်နိုင်တော့ဘဲ လေယာဉ်အတွင်းဘက် ပြန်လှည့်လိုက်ရတာ ဖြစ်ပါတယ်။
ဟာဝိုင်အီရှိ တိုက်အမြင့်တစ်ခုပေါ်မှ မြင်ကွင်း(တိုးတက်သည့် မြို့တော်ကြီးပင်လျှင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လုပ်လုပ်ကိုင်နေရဆဲ ဖြစ်သည်။)

ဝေးလံခေါင်သီတဲ့ ယခင်မြန်မာကျေးလက်က တောသားသူငယ်လေး ရန်ကုန်ရွှေမြို့တော်ကြီးဆီ ခေါ်ငင်ခံရလို့ ရုတ်တရက်ရောက်ရှိလာခဲ့ပြီး နဖူးတွေ့၊ ဒူးတွေ့ တွေ့မြင်ရတဲ့အခါ ထိတ်ပျာခဲ့သလိုမျိုး၊ မြို့ရွှေရန်ကုန်မှာ မွေး၊ မြို့ရွှေရန်ကုန်မှာကြီး၊ မြို့ရွှေရန်ကုန်မှာ ပညာရည်နို့သောက်စို့ ခဲ့သူ ကျွန်တော့်ကို ဆီယက်တဲလ်ညခင်းက ထိတ်ပျာစေခဲ့တာတော့ အမှန်ပါပဲ။

သို့ပေမယ့်လည်း မြန်မာပီပီ မြန်မာဆီကလာခဲ့သူမို့ ချက်ချင်းပဲ ဣနြေ္ဒသိက္ခာကို ထိန်းလိုက်ပြီး၊ မအံ့သြသလို၊ မထိတ်ပျာခဲ့သလို အိုက်တင်ဖမ်းလို့ နေနှင့်ဦးပေါ့ကွာ၊ နောက်တော့ ငါတို့လည်း မင်းတို့လို ဖြစ်စေရမပေါ့ကွာလို့ တွေးရင်း မအီမလည်နဲ့ လေဆိပ်က ထွက်ခဲ့ပါတော့တယ်။

ကိုယ့်တာဝန်ကိုယ်ယူရသည့် လူ့အဖွဲ့အစည်း
အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတာပါ၊ ပြည်နယ်တွေဆိုတာလည်း မြို့တော်တွေ၊ စီရင်စုတွေနဲ့ ဖွဲ့စည်းထားတာပါ။ မြို့တော်တွေ၊ စီရင်စုတွေကိုလည်း ရပ်ကွက်တွေ၊ လမ်းတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီရပ်ကွက်တွေ၊ လမ်းတွေကို အိမ်ထောင်စုတွေ၊ မိသားစုတွေနဲ့ ဖွဲ့စည်းပါတယ်။ မိသားစုကိုတော့ လူတစ်ဦးချင်းစီ (individuals) နဲ့ ဖွဲ့စည်းထားပါတယ်။

အဲဒီတော့ အမေရိကဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများနဲ့ မခြားနားပါဘူး။ မထူးခြားပါဘူး။ ထူးခြားတာတစ်ခုကို တွေ့တာက နိုင်ငံသားတွေ(အမေရိကန်တွေ)ဟာ ကိုယ့်တာဝန်ကို ကိုယ်ယူကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အမေရိကကို ကိုယ့်တာဝန်ကိုယ်ယူကြတဲ့ လူ့အဖွဲ့အစည်းကို ခေါ် နိုင်ပါတယ်။

လူမမယ် ကလေးအရွယ်ကနေ သက်ကျားအို(ကွယ်လွန်ခါနီးအထိ) ကိုယ့်ခြေပေါ်ကိုယ်ရပ်၊ ကိုယ့်တာဝန်ကိုယ်ယူကြတာကို တွေ့ရပါတယ်။ လူကြီး၊ မိဘ၊ ဆရာ သမား၊ သားသမီး၊ တူ၊ တူမ၊ တပည့်၊ သူငယ်ချင်း၊ မိတ်ဆွေ စသဖြင့် အပြန်အလှန်ကူညီစောင့် ရှောက်ရိုင်းပင်မှုဆိုတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်တာဝန်ကိုယ်ယူကြတာ များကြပါတယ်။

လူ့အသိုင်းဝိုင်း(လူ့လောက) ထဲက လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အမေရိကမှာလည်း လူ့ယဉ်ကျေးမှု၊ ကူညီမှု၊ ရိုင်းပင်းမှုတော့ ရှိတာပါပဲ၊ မိဘနဲ့သားသမီး နွေးထွေးမှု၊ ဆရာနဲ့တပည့်စောင့်ရှောက်မှုတော့ ရှိတတ်ကြတာပဲ။

လူတစ်ဦးချင်း အခွင့်အရေးအပြည့်အ၀ပေးထား (ရယူ)ကြသလို၊ အဲဒီလူတစ်ဦးချင်း ပေါင်းပြီး အဖွဲ့အစည်းတွေကို အောင်မြင်စွာ တည်ထောင်လုပ်ကိုင် လှုပ်ရှားနေကြတာကိုလည်း တွေ့ရပါတယ်။ ဆိုချင်တာက လူတစ်ဦးချင်းအခွင့်အရေး(individual right)ကို ဦးစားပေးသော်လည်း စည်းလုံးညီညွတ်မှု (Unity) က မလွတ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အမေရိကဟာ ဒီကနေ့ကမ္ဘာ့နံပါတ် ၁ နိုင်ငံအဖြစ် နေရာတိုင်းမှာရှိနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက်ကတော့ တော်တဲ့သူဆီက တော်တာ ကောင်းတာ ယူကြည့်၊ ညှိ၊ သုံး။ လက်ခံနိုင်ရင်၊ ကောင်းရင်၊ လက်ခံ ကျင့်သုံး၊ ကိုယ်နဲ့မညီရင်၊ မကြိုက် ရင် ပယ်၊ ဖယ်ရှားလိုက်ပေါ့။ ဘယ်လူမှ အပြစ်ကင်းတဲ့လူ (Nobody is Perfect) မဖြစ်နိုင်သလို ဘယ်နိုင်ငံကမှလည်း စင်းလုံးချော ကောင်းနေမှာ မဟုတ်ပါဘူး။

ကောင်းတာကို ယူကြည့်၊ သင်ခန်းစာအဖြစ် အသုံးချ၊ အကောင်အထည်ဖော်ပြီး၊ မကောင်းတာ၊ ရလဒ်ဆိုးကို ဝေဖန်စစ်ကြောပြီး ပယ်ဖယ်ရှားရမှာ ဖြစ်ပါတယ်။

အမှန်တော့ ကျွန်တော်တို့အိပ်မက် (Dream) ၊ အလုပ် (Work) ၊ အချိန်ကိုက် (Timing) လို့ ကံစွက် (Luck) တဲ့အခါ ဆန္ဒတွေပြည့်ဝ (Fulfill Desire) ကြမှာ ဖြစ်ပါတယ်။

လမ်းမှန်တွေ့ရင်တော့ လမ်းဆုံးပန်းတိုင်ကို မလွဲမသွေ ရောက်ကြမှာပဲ ဖြစ်ပါတယ်။ ကိုယ်မှန်တယ်ဆိုပြီး စွတ် ပြောနေမယ့်အစားမမှန်တာမပြောဘဲ ညီညွတ်စွာပေါင်းစည်း လုပ်ကိုင်ကြမယ်ဆိုရင် ဘယ်အရာမှ မထူးဆန်းပါဘူးလို့ပဲ ပြောချင်တာပါပဲ။

မမှန်တာ မပြောကြရင် အမှန်တွေနဲ့နီးလာပြီး အားလုံးပေါင်း စပ်တည်ဆောက်လုပ်ကိုင်ကြလို့ ပျော်ရွှင်ကြရမှာပဲ ဖြစ်ပါတယ်။
စာရေးသူအား ဝေဖန်ပြောကြား ဖြည့်စွက်လိုပါက myothahtet@gmail.com သို့ ပြောပါ။ ရေးပါ။

No comments: