
နေ့စဉ် တွေ့နေကျ သူငယ်ချင်းတွေ မိတ်ဆွေတွေကော၊ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေ အပေါင်းအသင်းတွေကော တွေ့ရင် မေးတာက အဆင်ပြေလားတဲ့။ အရင်ကတော့ ထမင်းစားပြီးပြီလား၊ နေကောင်းလားပေါ့။ အခု တော့ တခုတ်တရမေးရတာ အဆင်ပြေလားတဲ့။
ထမင်းစားပြီးပြီလား မေးမိလို့၊ မစားရသေးဘူးပြန်ဖြေရင် ကိုယ်က ကျွေးနိုင်မှာမို့လား။ မကျွေးနိုင်ဘူး။ ဒီတော့ မမေးတော့ဘူး။ နေကောင်းလားမေးခွန်းကလည်း ဒီလိုပဲ။ နေမကောင်းတဲ့သူတွေ များနေကြပြီ။ မေးမိလို့ ကိုယ်က စိတ်မကောင်းဖြစ်နေရဦးမယ်။
အဆင်ပြေလားကတော့ အဆင်မပြေလည်း ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် အဆင်မပြေတဲ့ ကမ္ဘာမှာမို့ အဆင်များပြေလေမလားဆိုတဲ့ မသိတဲ့စိတ်ကလေးနဲ့ မေးကြည့်ကြတာပါ။
တခြားတစ်ဖက်က တွေးကြည့်ရင်လည်း လူသားတွေပီပီ အဖော်ညှိကြည့်တာပေါ့။ ကိုယ်တစ်ယောက်တည်းများ အဆင်မပြေဖြစ်နေသလားလို့၊ အဆင်ပြေလားမေးပြီး သူတို့ မျက်နှာတွေကြည့်တော့၊ သူတို့လည်း ကိုယ့်လိုပါပဲဆိုတာ တွေ့ရတော့ စိတ်သက်သာရကြတယ် မဟုတ်လား။
အဆင်ပြေတယ်ဆိုတာ
အဆင်ပြေလားဆိုတာကို နေ့စဉ် တွေ့နေကျ သူငယ်ချင်းတွေကတော့ အေးဆေးလား၊ အေးဆေးဆိုတဲ့ အသုံးအနှုန်းတွေနဲ့ တို့ထိ ကြည့်တတ်ကြတယ်။ အခြေအနေ ပုံမှန်ပဲပေါ့။ နေသာထိုင်သာရှိနေဆဲပေါ့။ ပုံမှန်အတိုင်း အသားကျ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်ပေါ့။ ပြဿနာမရှိဘူး၊ စိတ်ခံစားရမှု၊ စိတ်ဖိစီးမှု လိုအပ်တဲ့ပမာဏထက် ပိုမနေဘူးပေါ့လေ။
အဆင်ပြေရင် စိတ်ကျေနပ်မှုတော့ ရနေတယ်။ သိပ်ပျော်နေတာကြီးတော့ မဟုတ်ဘူး။ အဆင်ပြေတယ် မပြေဘူးသုံးသပ်တာမှာလည်း ကိုယ့်အပေါ်မူတည်ပြန်တယ်။ လူ့အလို နတ်မလိုက်နိုင် စကားရှိတယ်မဟုတ်လား၊ ကိုယ်က အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယူဆရင် အဆင်ပြေနေပြီး၊ မဟုတ်သေးဘူး၊ ငါအဆင်မပြေဘူးဆိုရင်တော့ အဆင်မပြေဘူးပေါ့။
တစ်ခါတလေတော့ လူသားတစ်ဦးအဖြစ် ပီပြင်စွာ ဘ၀မှာ လျှောက်လှမ်းတဲ့အခါ တာဝန်တွေ ယူရတယ်၊ အလုပ်တွေပြီးမြောက်အောင်လုပ်ရတယ်။ တချို့အလုပ်က ခိုင်းလို့လုပ်ရတာ၊ တချို့က မခိုင်းဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်တာ။ အဲဒီတော့ တာဝန်အရ လုပ်ရတာပဲ အဆင်ပြေချင်မှ ပြေမယ်၊ ကျေနပ်မှုရချင်မှ ရမယ်။ ပျော်ချင်မှ ပျော်မယ်။ ဒါပေမယ့် အလုပ်ပြီးအောင်၊ တာဝန်ကျေအောင်တော့ ဆောင်ရွက်ကြရမှာပဲ ဖြစ်တယ်။
ဒီဆောင်းပါးမှာတော့ ဘ၀မှာ လူပီသစွာနဲ့ ရှင်သန်နေထိုင်ချင်ရင် လိုအပ်တာလေးတွေကို ဖြည့်စွက်ပြောဆိုမှာ ဖြစ်ပါတယ်။ လမ်းညွှန်လို့ သဘောထားပြီး မြည်းကြည့်ပါ။ ကြိုက်တော့လည်း လက်ခံသုံးစွဲပေါ့။ မကြိုက်တော့လည်း ပစ်ပယ်လိုက်ပေါ့။
ဘ၀လမ်းညွှန် မိုင်တိုင်လေးများ
ဘ၀ရဲ့ ပန်းတိုင်ကို ကိုယ်စီအမျိုးမျိုး ချမှတ်ပြီး လျှောက်လှမ်းကြတဲ့အခါ မိုင်တိုင်လေးတွေကို တစ်တိုင်ပြီး တစ်တိုင်ဖြတ်ကျော်ကြရတယ်။ တချို့မိုင်တိုင်လေးတွေက လှတယ်၊ ကျေနပ်စရာကောင်းတယ်။ အားသစ်ခွန်သစ်တွေ ဖြစ်စေတယ်။
တချို့မိုင်တိုင်တွေကျတော့ အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပင်ပန်းဆင်းရဲငိုကြေးမှုတွေနဲ့ ဖြတ်ခဲ့ရတယ်။ စိတ်ဓာတ်တွေကျခဲ့ရတယ်။ တချို့မိုင်တိုင်တွေမှာ လည်နေခဲ့တယ်၊ တချို့မိုင်တိုင်တွေကို နှစ်ခါသုံးခါဖြတ်ခဲ့ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေဟာ ကိုယ့်ရဲ့သမိုင်းတွေပဲ၊ ကိုယ့်ရဲ့အချိန်တွေပဲ၊ ကိုယ့်ရဲ့ အသွေးအသားနဲ့ စွမ်းအင်တွေပဲဆိုတာ သိထားရင် ဘာပဲတွေးတွေး၊ ဘာပဲပြောဆို၊ ဘာပဲလုပ်ကိုင်
သမိုင်းမှတ်တမ်းရေးနေတာပဲ ဆိုတာကို သတိပြုကြရပါမယ်။
ဘ၀ရဲ့ မိုင်တိုင်တွေကို ကျော်ဖြတ်တဲ့နေရာမှာ အမှားကင်းကင်း (အမှားနည်းနည်းလို့ ပြောရင်
ပိုသင့်တော်မယ်ထင်ပါတယ်)နဲ့ ဖြတ်ကျော်နိုင်အောင် အောက်ကအချက်လေးတွေကို မှတ်သားထား သင့်ပါတယ်။
ဘ၀မှာ ပြန်မရနိုင်တဲ့အရာ သုံးခု(ပြန်မပြင်နိုင်တဲ့အရာတွေပါ) ကတော့ အချိန်၊ အခွင့်အရေးနဲ့ ကိုယ်ပြောမိတဲ့ စကားတွေပဲဖြစ်တယ်။ အဲဒီတော့ အချိန်ကို အကျိုးရှိစွာသုံးစွဲတတ်ဖို့လိုတယ်။ အလုပ် လုပ်တဲ့အချိန်(ကျောင်းသားအတွက် ကျောင်းစာဖတ်ချိန်)၊ အားချိန်(နားချိန်)၊ စားချိန်(စွမ်းအင်ပြန်ဖြည့် တင်းချိန်)စတာတွေကို ဂရုစိုက်ဖို့ လိုတယ်။
အခွင့်အရေးပေါ်တယ်ဆိုတာ နှစ်ခါမရှိဘူး(အခွင့်အရေးဆိုတာ နှစ်ခါမရဘူးဆိုတဲ့ စကားရှိတယ်)ဒီတော့ ပေါ်တဲ့အခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်ဖမ်းနိုင်ဖို့ လိုတယ်။ လွတ်သွားတဲ့ အခွင့်အရေးကို နှမြောတမ်းတငိုကြေးမယ့်အစား အဲဒီရမယ့် အခွင့်အလမ်းကို မလွတ်တမ်း ဖမ်းဆုပ်နိုင်ဖို့၊ လိုအပ်တဲ့ အရည်အချင်းတွေကို အချိန်အခါကိုက်(ဒါမှမဟုတ် ရှေးဦးမဆွထဲက) ဖြည့်ဆည်းထားဖို့လိုတယ်။
အခွင့်အရေးကို အသုံးချနိုင်ဖို့၊ အခွင့်အရေးကို အပြည့်အ၀ ခံစားရရှိနိုင်ဖို့ ကိုယ့်ကိုယ်တိုင်မှာ လည်း အခြေခံလိုအပ်ချက်တွေ ပြည့်ထားပြီး ဖြစ်ရမယ်။
ပြောမိတဲ့စကား(ကျွံမိတဲ့စကား)ကတော့ ရှင်းရခက်တယ်။ ကိုယ်က အကြောင်းတစ်ခုခုကြောင့် (မခံနိုင်လို့ ဒေါသကြောင့်၊ ရယ်စေ မောစေ အပျော်အပြက်ဟာသ ဖြစ်စေဖို့၊ အမှန်တရား မြတ်နိုးအားကြီးလို့ စသဖြင့်)ပြောထွက်လိုက်တဲ့ စကားဟာ တစ်ဖက်သားအတွက် တစ်သက်လုံး(သေတဲ့အထိ၊ တချို့များ နောက်ဘ၀အထိ) နှလုံးသားမှာ ဒဏ်ရာရသွားကြတယ်။ အမှတ်ထားကြတယ်။ ဒါကြောင့် ပြောတော့မယ်ဆိုရင် နှစ်ခါစဉ်းစား(အကြိမ်ကြိမ်စဉ်းစားတာကတော့ ပိုကောင်းပါတယ်)ပြီးမှ ပြောဖို့လိုတယ်။
စကားတစ်ခွန်းမှားလို့ မိတ်ဆွေတွေ အခင်အမင်ပျက်ကုန်တာတွေ၊ ကိုယ့်ဘ၀အတွက် ကြီးမားတဲ့ အခွင့်အရေးဆုံးရှုံးတာတွေ ဖြစ်တတ်တယ်။ စကားတစ်ခွန်းကို အလွန်သတိထားပြီးပြောကြရမယ်။
မျှော်လင့်ချက် မမဲ့စေနဲ့
ဘ၀ဆိုတာ မျှော်လင့်ချက်လေးနဲ့ အသက်ရှင်ရတာ ဖြစ်တယ်။ အဆင်ပြေသွားမှာပါ။ ကံကောင်းလာမှာပါ။ အောင်မြင်မှာပါဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နေနေရတာ။ မျှော်လင့်ချက်မဲ့သွားလို့ မဖြစ်ဘူး။ မျှော်လင့်ချက်ကို မဖုံးကွယ် မဖျောက်ပယ်လိုက်သင့်ဘူး။ ဘ၀ရဲ့ ငြင်းပယ်လို့မရတဲ့ အရာတွေထဲမှာ မျှော်လင့်ချက်၊ ရိုးသားမှုနဲ့ တည်ငြိမ်အေးချမ်းမှုတို့ ပါဝင်တယ်။

မျှော်လင့်ချက်ရှိနေတဲ့ လူရဲ့မျက်လုံး၊ ရိုးသားမှုရှိတဲ့လူရဲ့ တည်ငြိမ်မှုနဲ့ အေးချမ်းနေတဲ့ စိတ်တွေဟာ မြင်လည်းမြင်သာတယ်။ ခံစားလို့လည်းရတာ သိသာပါတယ်။
မိမိဘ၀ရဲ့ အဖိုးတန်ဆုံးအရာတွေကတော့ မိတ်ဆွေကောင်းတွေ၊ မိမိကိုယ်ကို လေးစားမှုနဲ့ ချစ်ခြင်းတွေပဲ ဖြစ်တယ်။ မိတ်ဆွေကောင်းတွေ(မိတ်ဆွေစစ်တွေ) ရှိရင် ဘယ်လုပ်ငန်းမဆို၊ ဘယ်လုပ် ကိုင်ဆောင်ရွက်မှုကိုမဆို အောင်မြင်နိုင်ပါတယ်။ အကူအညီရတယ်၊ အကြံဉာဏ်ရတယ်၊ ၀ိုင်းဝန်းအား ပေးအားမြှောက်ပြုကြတယ်။ မိမိ ရှုံးနိမ့်မှု၊ အောင်မြင်မှုတို့အပေါ် မျှဝေခံစားနိုင်တယ်။
တစ်ခုသတိပြုရမှာက မိတ်ဆွေကောင်းတွေ ရချင် ရှိချင်ရင်၊ ကိုယ်တိုင်ကလည်း မိတ်ဆွေကောင်း(သူငယ်ချင်း ကောင်း)ဖြစ်နေဖို့ လိုတာပဲ။
မိမိကိုယ်ကို မိမိလေးစားတာက အများက ကိုယ့်ကိုလေးစားတာထက် ပိုတာသွားတယ်ဆိုတာ လူတိုင်းသိပါတယ်။ သူများက ကိုယ့်ကို လေးစားတယ်၊ အားကျတယ်၊ ကြည်ညိုတယ်ဆိုတာ သူတို့ကိုယ့်ကို သိသလောက်၊ မြင်သလောက်ပေါ်မှာပဲ ကြည့်ပြီး ဆုံးဖြတ်တာ သတ်မှတ်တာ ဖြစ်တယ်။
ကိုယ်ကိုယ်တိုင်ကျတော့ က,ကနေ အ, အထိ အကုန်သိတော့(ဟုတ်တာရော မဟုတ်တာရော၊ ညံ့တာရော၊ တော်တာရောပေါ့) ကိုယ့်ကိုယ်ကိုယ် လေးစားတာဟာ ပိုမြင့်မြတ်ပါတယ်။
ချစ်ခြင်းကတော့ ကိုယ့်ရည်းစားကို၊ ကိုယ့်မိန်းမ၊ ယောက်ျားကို၊ ကိုယ့်မိသားစုကို ချစ်ခြင်းလောက်သာ ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းကို ချစ်ခင်ရင်းနှီးတာ၊ တန်ဖိုးထားတာ၊ အများအကျိုးအတွက် ဆောင်ရွက်ပေးတာ၊ နိုင်ငံ့အကျိုးဆောင်ရွက်ပေးတာတွေအထိ ကျယ်ပြန့်ပါတယ်။
ချစ်သောမျက်စိဖြင့် ရှုကြည့်ကြကုန်လော့ဆိုတဲ့ ဆုံးမစကားလေးတောင် ရှိပါသေးတယ်။ ချစ်တဲ့မျက်စိနဲ့ ကြည့်တော့ အားလုံးဟာ ချစ်စရာချည်းဖြစ်နေတော့တာပေါ့။
မသေချာမှုတွေရှိတယ်
ဘ၀ရဲ့ အဆင်ပြေမှု မပြေမှုမှာ မသေချာမှုတွေ ရှိတယ်ဆိုတာကိုလည်း သိထားရမယ်။ လူတိုင်းဟာ အမြဲတမ်း အဆင်ပြေတာမဟုတ်ဘူးဆိုတာကို သိထားရင်၊ အဆင်မပြေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိသွားမယ်။
အထက်က ပြောခဲ့သလို အဆင်မပြေတဲ့လူတွေလိုက်ရှာပြီး အဆင်မပြေသူများ အဖွဲ့ဖွဲ့လို့ အားရှိသွားတာ ပျော်သွားတာမျိုး မဟုတ်ပါဘူး။ ဘ၀မှာ မသေချာမှုတွေ ရှိတတ်လို့ အဲဒီမသေချာမှုတွေနဲ့ ကြုံလာရင် အဆင်မပြေတတ်ဘူးဆိုတာကို သိစေချင်လို့ပါ။
ဘ၀ရဲ့ မသေချာမှုတွေထဲမှာ အောင်မြင်မှု၊ ကံကြမ္မာနဲ့ အိပ်မက်ဆိုတာတွေ ပါဝင်နေရပါတယ်။ အောင်မြင်မှုဆိုတာ မသေချာတဲ့ အမျိုးပဲ၊ ထင်ရှားအောင်ပြောရရင် အောင်မြင်အောင်လုပ်ဖို့ လွယ်တယ်၊ အောင်မြင်မှုကို ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်ဖို့ကြတော့ ခက်သွားပြီ။
တောင်တက်သလိုပေါ့၊ အမြင့်ဆုံးတောင်ထိပ်ကို ရောက်ပြီးသွားရင် ဆက်တက်ဖို့ နေရာမရှိတော့ဘူး။ ဖြစ်နိုင်တာက ပြန်ဆင်းဖို့(ပြန်ကျဖို့)ပဲရှိတော့တယ်။ အဲဒီထက်မြင့်ချင်ရင် ပြန်ဆင်း၊ ဒီ ထက်မြင့်တဲ့နေရာကို တက်၊ ဒါကို သဘောပေါက်ရမယ်။
အောင်မြင်အောင် အားစိုက် ခွန်စိုက်ကြိုးစား။ မအိပ်မနေကြိုးစား။ ကံ၊ ဉာဏ်၊ ၀ီရိယတိုက်ဆိုင်တဲ့အခါ အောင်မြင်ကြတာပဲ၊ အချိန်လည်းကိုက်သွားလို့ပေါ့။ အနုပညာရှင်တွေအတွက်ကျတော့ စန်းလည်း မိုက်သွားလို့ပေါ့။ ဒါပေမယ့် ဘယ်လောက်အောင်မြင်သူပဲဖြစ်ဖြစ် တစ်ချိန်ပြန်ကျရတာပဲ၊ ကျဆုံးရတာပဲ။ မတည်ငြိမ်တဲ့ သဘောပေါ့။
အောင်မြင်မှုလိုပဲ၊ ကံကြမ္မာလည်း မတည်မြဲဘူး။ လူတိုင်းအကြာကြီး ကံမကောင်းပါဘူး။ အမြဲလည်း ကံမဆိုးပါဘူး။ ဒါကြောင့် ကံကြောင့်အောင်မြင်တယ်၊ ချမ်းသာတယ်၊ ပျော်ရွှင်တယ်ဆို ပိုပြီးသတိထားရမယ်၊ မတည်မြဲဘူး၊ အကြာကြီးမဟုတ်ဘူးဆိုတာ သဘောပေါက်ရမယ်။
အိပ်မက်ကတော့ အထူးပြောစရာမလိုပါဘူး။ အိပ်တုန်းခဏတစ်ဖြုတ် ခံစား(သာယာ၊ ကြောက်ရွံ့၊ စိုးထိတ်၊ ၀မ်း နည်းငိုကြွေး)ပြီး အိပ်ရာနိုးတော့ အားလုံးဘာမှ မရှိတော့ဘူး၊ ပြီးပြီပဲ။
ဒေါသမထွက်နဲ့
ဒေါသဟာ အမှားတွေကို ဖြစ်စေတယ်၊ ဒေါသကြီးတဲ့လူဟာ ဆုံးဖြတ်ချက်တွေ မှားတတ်တယ်၊ အပြောအဆိုလွဲတတ်တယ်(မပြောသင့်တာတွေကို သာမန်အချိန်လို သည်းမခံနိုင်တော့ဘဲ ပြောမိဆိုမိ တတ်တယ်)၊ ဒေါသကြောင့် လူသတ်မိတဲ့အထိ ပြစ်မှုတွေကျူးလွန်ကြတဲ့အကြောင်း မှုခင်းဂျာနယ်တွေမှာ အမြဲရေးနေတာကို ဖတ်ဖူးကြလိမ့်မယ်။

ဘ၀ကိုဖျက်ဆီးတတ်တဲ့ အဓိက အရာသုံးခုကတော့ ဒေါသ (လောဘ၊ မောဟလည်းအတွဲလိုက် ပါတာပေါ့) မူးယစ်ဆေးဝါးနဲ့ မောက်မာခြင်းတွေပဲ၊ ဘယ်လောက်အောင်မြင်တဲ့သူပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးဒဏ်ကို မခံနိုင်ဘူး။ မူးယစ်ဆေးဝါးကြောင့် အောင်မြင်တဲ့သူ၊ ပြည့်စုံတဲ့သူ၊ ချမ်းသာတဲ့သူတောင် လုံးပါးပါးပြီး ပျက်စီးတယ်ဆိုရင် မပြည့်စုံတဲ့သူ၊ မအောင်မြင်တဲ့သူဆိုရင်တော့ ထည့်ပြောစရာတောင် မလိုပါဘူး။
မောက်မာခြင်း၊ မာနကတော့ မရှိတာကောင်းပါတယ်။ အောင်မြင်တဲ့သူ၊ ချမ်းသာတဲ့သူ၊ ငယ်ရွယ်တဲ့သူတွေဟာ မောက်မာတတ်ကြတယ်။
အဆင်းကြောင့်(အထူးသဖြင့် အမျိုးသမီးငယ်တွေ) အချင်းကြောင့်(အမျိုးသားငယ်တွေ) လူတွေဟာ မာနတွေတက်ကြတယ်။ မောက်မာကြတယ်။ တကယ်တော့ ဒါတွေဟာ တစ်ခဏပါပဲ။ သတ်မှတ်အရွယ်ရောက်ရင် အလှတွေ တဖြည်းဖြည်း လျော့လာတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ဘ၀ကို ဖျက်ဆီးပစ်မယ့် အရာတွေကို သတိလေးကပ်ပြီး ရှောင်ရှားတတ်ဖို့ လိုပါတယ်။
အဆင်ပြေပါစေ
လူတွေအပေါ် မေတ္တာထားပါ၊ လူတွေအဆင်ပြေပါစေလို့ အာရုံပြုပါ။ အဆင်ပြေလားလို့ ကိုယ်မေးမယ့်သူဟာ အဆင်ပြေနေပါစေလို့ စိတ်က မေတ္တာထားလိုက်ပါ၊
မေတ္တာထားတယ်ဆိုတာကလည်း မေတ္တာရှိမှ ထားနိုင်တာပါ။ မေတ္တာထားနိုင်ဖို့ အတွေးအကြံ၊ အပြောအဆို၊ အလုပ်အကိုင်တွေမှာ ချစ်ခြင်းတွေပါနေရပါမယ်။
တစ်ဖက်သားကို ထိခိုက်စေလိုခြင်း၊ နစ်နာစေလိုခြင်း၊ နိမ့်ကျစေလိုခြင်း(အဆင်မပြေသူကိုရှာပြီး အဖော်ညှိခြင်းမဟုတ်တဲ့) မရှိတဲ့စိတ်နဲ့ အဆင်ပြေလားဆိုတဲ့ မေးခွန်းကိုမေးပါ။
ဘယ်သူမှတော့ အချိန်တိုင်း အဆင်ပြေနေမှာ မဟုတ်ပါဘူး။ မေတ္တာဟာ အဆင်ပြေလားရဲ့ အခြေခံပါ။ မေတ္တာ ထားလိုက်ပါ။ အားလုံးအေးဆေး ပါ။
မနိုင်လို့ထားတဲ့ မေတ္တာတော့ မဖြစ်ပါစေနဲ့နော်၊ တကယ့် ပြည့်ပြည့်၀၀ နှစ်နှစ်ကာကာ ချစ်ခြင်းကြီးနဲ့ကို မေတ္တာထားလိုက်ပါ။ အဆင်ပြေလား။